အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်များ အီရန်နျူကလီးယားအရေး ဆွေးနွေး

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်များ အီရန်နျူကလီးယားအရေး ဆွေးနွေး

ဩဂုတ်လ ၂၂ ရက်

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့၏ ခေါင်းဆောင်များသည် ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက် ပြန်လည်အသက်သွင်းရေး ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်က ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

“ဒါ့အပြင် အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး လုပ်ဆောင်နေဆဲဖြစ်တဲ့ ဆွေးနွေးမှုတွေ၊ အရှေ့အလယ်ပိုင်းဒေသမှာ ရှိတဲ့ ပါတနာနိုင်ငံတွေအတွက် ထောက်ကူပံ့ပိုးမှုကို မြှင့်တင်ပေးဖို့ လိုအပ်တာနဲ့ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေတဲ့ အီရန်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်တားဆီးဖို့ ပူးပေါင်းအားထုတ်မှုတွေနဲ့ပတ်သက်လို့လည်း ခေါင်းဆောင်တွေအကြား ဆွေးနွေးခဲ့ကြပါတယ်” ဟု အိမ်ဖြူတော်က ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ် တို့အကြား ဆွေးနွေးမှုတွင် အရှေ့အလယ်ပိုင်းဆိုင်ရာ ပါဝင်မှု အပိုင်းနှင့်ပတ်သက်ပြီး နောက်ထပ် အသေးစိတ်အချက်အလက်များကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သဘောတူညီချက်ကို ပြန်အသက်သွင်းရန် “နောက်ဆုံး” အဆိုပြုကမ်းလှမ်းချက်အပေါ် အီရန်၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်နေကြောင်း ဥရောပသမဂ္ဂနှင့် အမေရိကန်က ပြီးခဲ့သည့်အပတ်က ပြောသည်။ အဆိုပါ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်အောက်တွင် တီဟီရန်အနေဖြင့် နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ရမည် ဖြစ်ပြီး အပြန်အလှန်အားဖြင့်  ယင်းနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးမည် ဖြစ်သည်။

နျူကလီးယား ဆွေးနွေးမှုများတွင် အောင်မြင်မှု မရရှိပါက ဒေသတွင်းစစ်ပွဲသစ်တစ်ခု ဖြစ်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်ပြီး အီရန်ကို နျူကလီးယားလက်နက်များ မပိုင်ဆိုင်နိုင်စေရန် ဒစ်ပလိုမေစီနည်းဖြင့် ဟန့်တားနိုင်ခြင်း မရှိပါက အီရန်အပေါ် စစ်ရေးနည်းအရ အရေးယူမည်ဟု အစ္စရေးက ခြိမ်းခြောက်ထားသည်။

ယင်းကဲ့သို့သော ရည်မှန်းချက်မျိုး မရှိပါဟု ကာလကြာကတည်းက ငြင်းဆန်ထားခဲ့သည့် အီရန်ကလည်း အစ္စရေး၏ မည်သည့်တိုက်ခိုက်မှုကိုမဆို “အပြင်းအထန်” တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly