ချောင်းဦးမြို့နယ်အတွင်းရှိ လမ်းပိုင်း ၂ ခုအား CHUPDF မှ အရေးပေါ်ယာယီပိတ်ထား

ချောင်းဦးမြို့နယ်အတွင်းရှိ လမ်းပိုင်း ၂ ခုအား CHUPDF မှ အရေးပေါ်ယာယီပိတ်ထား

ဩဂုတ်လ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦးကြားရှိ ကားလမ်းဘေး ကျေးရွာ လေးရွာ၌ စစ်ကောင်စီတပ်မှ တပ်စွဲနေရာချထားသဖြင့် မုံရွာ-ချောင်းဦး လမ်းပိုင်းနှင့် မုံရွာ-အမြင့် လမ်းပိုင်းများကို အရေးပေါ် ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- (CHUPDF) က ထုတ်ပြန်သည်။

မုံရွာမြို့နယ်အတွင်း မုံရွေးကျေးရွာ၊ မင်းရွာနှင့် ချောင်းဦးမြို့နယ်ရှိ ခင်မွန်ရွာနှင့် အောင်ချမ်းသာရွာတို့တွင် အင်အားစုစုပေါင်း ၁၅၀ ခန့် ဖြန့်ကြက်ကာ တပ်ချထားကြောင်း သိရသည်။

သို့ဖြစ်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ စစ်ရေးလှုပ်ရှားလာပါက တန်ပြန်တိုက်ခိုက်နိုင်ရန် ယင်းလမ်းပိုင်းများကို ယာယီပိတ်ထားခြင်းဖြစ်ကြောင်း CHUPDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

“အဲ့လမ်းတစ်လျှောက် ဖြန့်ပြီးနေရာယူထားတယ်၊ သူတို့စစ်ရေးလှုပ်ရှားမှု အချိန်မရွေးလုပ်နိုင်တဲ့ အနေအထားမှာရှိတယ်၊ ကျနော်တို့သုံးသပ်တာက စစ်ကြောင်းတွေ ဝင်လာနိုင်တယ်ပေါ့၊ ဒီကောင်တွေ တပ်ချထားတဲ့ပုံစံက ဒီဧရိယာတစ်ဝိုက်ကို ဖြန့်ပြီး ပိတ်ဆို့ထားတဲ့ပုံစံပေါ့၊ ထိုးစစ်ကလည်းသတ်သတ်ပေါ့၊ ဝင်လာနိုင်ခြေတွေ အများကြီးရှိလို့ ပြည်သူတွေကို အဲ့တစ်ကြောမဖြတ်ကြဖို့ တားထားတာပါ”ဟု ၎င်းက ဆိုသည်။

ယခုတပ်ချထားသည့် မင်းရွာအတွင်းရှိ စစ်ကောင်စီတပ် အင်အား ၃၀ ခန့်မှာ မုံရွာမြို့မှဖြစ်ပြီး၊ မုံရွေးရှိ အင်အား ၂၀ ဝန်းကျင်နှင့် ခင်မွန်ကျေးရွာရှိ အင်အား ၅၀ ခန့်မှာမူ ချောင်းဦးမြို့မှ စစ်ကောင်စီတပ်များဖြစ်ကြောင်း သိရသည်။ အောင်းချမ်းသာရွာရှိ အင်အား ၄၀ ခန့်မှာမူ မြင်းမူမြို့မှ ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်၍ လမ်းပိုင်းများအား ယာယီပိတ်ထားချိန်အတွင်း ပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြရန်နှင့် လိုက်နာခြင်းမရှိပါက လုံခြုံရေးအတွက် အာမမခံပါကြောင်း CHUPDF မှ အသိပေး ထုတ်ပြန်ထားသည်။

လမ်းပိုင်းပြန်လည် ဖွင့်လှစ်ပါကလည်း ထပ်မံအသိပေး ကြေညာပေးသွားမည် ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly