YBS ၆၅ ယာဥ်လိုင်းပေါ် ခါးပိုက်နှိုက်လုယက်မှုဖြစ်ပွား

YBS ၆၅ ယာဥ်လိုင်းပေါ် ခါးပိုက်နှိုက်လုယက်မှုဖြစ်ပွား

ဩဂုတ်လ ၂၂ ရက်

ရန်ကုန်မြို့နေပြည်သူများ၏ သွားရေးလာရေးတွင် အဓိကအားထားနေသည့် YBS ယာဥ်ပေါ်တွင် ခါးပိုက်နှိုက်လုယက်မှု ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

အနည်းဆုံး လူလေးဦးမှ အသက် ၂၀ အရွယ် အောင်အောင် (အမည်လွှဲ) ဆိုသည့် လူငယ်တစ်ဦးကို YBS ၆၅ ယာဥ်လိုင်းပေါ်တွင် အုပ်စုဖွဲ့ပြီး လုယက်ရာ ငွေကျပ် နှစ်သိန်းခွဲနှင့်အတူ ၎င်းပိုင် Oppo အမျိုးအစားဖုန်း တစ်လုံး ပါသွားပြီး လည်ပင်း၌ ထိခိုင်ဒဏ်ရာတချို့ ရရှိခဲ့ကြောင်း ကာယကံရှင်ထံမှ သိရသည်။

“ဘာနဲ့ခြစ်လိုက်မှန်းမသိဘူးခင်ဗျ တော်တော်တော့စပ်တယ် ၊ ဓားတော့မဟုတ်ဘူးနည်းနည်းတုံးတုံးပဲ အရေပြားတော့လန်သွားတယ် စိတ်ထဲကတော့ ခံစားရတာ ဘယ်လိုပြောရမလဲ ခံပြင်းတာပေါ့၊ ပင်ပင်ပန်းပန်း ရှာထားရတာကို ယူသွားကြတာဆိုတော့” ဟု အောင်အောင် (အမည်လွှဲ)က ပြောသည်။

အဆိုပါလူငယ်မှာ တစ်လလျှင်လုပ်အားခ တစ်သိန်း ငါးသောင်းကျပ်ရရှိသည့် လခစားဝန်ထမ်းဖြစ်သည်။ လုယက်ခံရသည့် နှစ်သိန်း ငါးသောင်းအနက် နှစ်သိန်းမှာ ရုံးပိုက်ဆံဖြစ်ပြီး ငါးသောင်းမှာ ၎င်းပိုင်ငွေဖြစ်ကြောင်း သိရသည်။

“ လူတိုင်းကကြောက်နေကြတာကို နားလည်တယ်၊ ကူညီချင်ရင်တောင် သောင်းကြမ်းတဲ့လူတွေက ပြန်ရှာပြီး သတ်တဲ့ထိတွေဖြစ်နေကြတော့ ဘယ်သူမှမကူညီရဲကြဘူး။ ဘာတာဝန်ယူမှုမှ မရှိ၊ ဘာအာမခံချက်မှမရှိတော့ အခုက ကျောက်ခေတ်တစ်ပိုင်းဖြစ်နေပြီ၊ အားကြီးသူစား ငယ်သူက ကိုယ့်အသက်ကိုယ်လုပြေးနေရသလိုပဲ တစ်နိုင်ငံလုံးအနေနဲ့ကြည့်ရင်”ဟု သူကပြောသည်။

ထိုလူငယ်မှာ ရုံးအသွားအပြန်အတွက် YBS ၆၅ ယာဥ်လိုင်းကို ပုံမှန် စီးလေ့ရှိပြီး လုယက်ခံရမှုမှာ ခြောက်ထပ်ကြီးဘုရားမှတ်တိုင်နှင့် အုပ်လမ်းမှတ်တိုင်ကြားဖြစ်ကြောင်း ၎င်း၏ပြောပြချက်အရ သိရသည်။

“ခြောက်ထပ်ကြီးအကျော် နားလောက်မှာ ဗျ၊ ကျွန်တော့်နားမှာ လူတအားကျပ်လာတယ်၊ အဲဒါနဲ့ တခြား နေရာကြည့်တော့လည်းအကုန် ကျပ်နေတာဆိုတော့ ဖာသိဖာသာပဲနေလိုက်မိတယ်၊ အိတ်ကတော့ပိုက်ထားမြဲပေါ့။ ပြီးတော့ ကျွန်တော့နားကို လူတစ်ယောက်ရောက်လာတယ်ဗျ၊ ခေါင်းကိုလှည့်မရအောင် ထောက်ထားတာမျိုးပါ၊ ဘေးကိုလူနှစ်ယောက်က ကပ်ထားပါတယ်၊ ကျွန်တော့ဘေးမှာလည်း လူတစ်ယောက်ထပ်ရောက်လာပြီး ကျွန်တော်ထွက် လို့မရအောင် ကာထားပါတယ်၊ တဖြည်းဖြည်းအိတ်ပိုက်ထားရင်းကိုပဲ ကျွန်တော် ရုန်းမရဖြစ်နေတာပါ၊ ပြီးတော့ ကျွန်တော့ရှေ့တင်ပဲ သူတို့ဆင်းသွားပါတယ်။ ဖုန်းနှိုက်သွားတာချက်ခြင်း သိပေမယ့် ပြောတော့လည်း ဘယ်သူမှလှည့်မကြည့်ကြဘူး”ဟု အောင်အောင်က ဆက်ပြောသည်။

၎င်းအနေဖြင့် အဆိုပါလုယက်သူများအား မည်သည့်အရေးယူမှုမျှ မလုပ်ဆောင်နိုင်ခဲ့ပေ။ အဆိုပါ ၆၅ ယာဥ်လိုင်း၌ ယခုကဲ့သို့ အလားတူဖြစ်စဥ်များလည်းရှိကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော့မတိုင်ခင် ရှေ့တစ်ရက်ကလည်း ရုံးကအမတစ်ယောက်ရဲ့ဖုန်း အဲ့အုပ်စုလက်ထဲပဲထင်တယ် နှိုက်သွားခံရတာ” ဟု သူက ဆိုသည်။

ရွေးကောက်ခံ အမျိုးသားဒီမိုကရေအစိုးရ NLD လက်ထက် YBS များစတင်ပြေးဆွဲစဥ်က ယာဥ်များပေါ်တွင် CCTV တပ်ဆင်ထားမှုကြောင့် ယခုကဲ့သို့ လုယက်ခါးပိုက်နှိုက်မှုများ မရှိသလောက် ပပျောက်သွားခဲ့သော်လည်း အာဏာသိမ်းပြီးကာလ ယခုနောက်ပိုင်းတွင်မူ အလားတူခါးပိုက်နှိုက်ခံရသည့်ဖြစ်စဥ်များ ပြန်လည်ဖြစ်ပွားခဲ့သည်။

“တစ်ခြားသူတွေလည်း ဂရုစိုက်သွားလာကြပါ။ ပြီးတော့ ရှေ့မှာဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ယှဥ်ရင် ကျနော်ကဘာမှ မပြောပလောက်ဘူး၊ တကယ့်တကယ် ခံရပြီဆိုရင်တော့ တစ်ယောက်ထဲဆို တကယ်အဆင်မပြေပါဘူး”ဟု အောင်အောင်က ပြောခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly