ဩဂုတ်လ တတိယပတ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃ ဦးသေ KNDF တပ်သား ၁ ဦးကျဆုံး

ဩဂုတ်လ တတိယပတ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃ ဦးသေ KNDF တပ်သား ၁ ဦးကျဆုံး

ဩဂုတ်လ ၂၂ ရက်

စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများအဆက်မပြတ်ဖြစ်နေသည့် ကရင်နီ ဒေသတွင် ဩဂုတ်လ ၁၅ ရက်မှ ၂၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၁ ပွဲအထိဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားသုံးဦးသေဆုံးကာ KNDF ရဲဘော်တစ်ဦးကျဆုံးကြောင်း သိရသည်။

သြဂုတ်လတတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နှင့် လွိုင်ကော်မြို့ နယ်တို့မှတဆင့် ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့်တင်းကာ အပြင်းအထန် စစ်ကြောင်းထိုးခြင်းဖြစ် သည်။

သြဂုတ်လ (၁၅) ရက်နေ့တွင် ရှားတောမြို့နယ်အတွင်း ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း အား ကရင်နီတပ်မတော် (KA)နှင့် KNDF B02 ၊ B12 ၊ B14 တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ သြဂုတ်လ (၂၂) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့တိုက်ခိုက်ရာ၌ ရှားတောမြို့နယ် ရှမ်းကယားနယ်စပ်ရှိ တငူးဆိုးတပ်စခန်းအား စစ်ကောင်စီတပ်မှ စွန့်ခွာသွားသဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ အဆိုပါစခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လွိုင်ကော်မြို့နယ်တွင်လည်း သြဂုတ်လ (၂၀) ရက်နေ့တွင် ဒေါတချရေတံခါးအနီးတွင် တပ်စွဲနေသော စစ်ကောင်စီတပ်များကို KNDF B14 ၊ B02 နှင့် ကရင်နီတပ်မတော် (KA)တို့မှ အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးသည်ဟု ဆိုသည်။

ထို့ပြင် ဖရူဆိုမြို့အခြေစိုက် ခမရ(၄၂၈)နှင့် (၅၃၁) တပ်ရင်း၊ ဒီးမော့ဆိုမြို့ ရူဖယ်ခူရပ်ကွက်ရှိ နှစ်ခြင်းခရစ် ယာန်ဘုရားကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ဒီးမော့ဆိုမြို့မစျေးနှင့် အနီးတဝိုက်၊ ဒီးမော့ဆိုမြို့ သေးဆူလဲ ကျေးရွာ၊ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာ၊ ဖရူဆိုမြို့နယ် ထီးကလူဒေါ ကျေးရွာ နှင့်လွိုင်ကော်မြို့နယ် ဒေါတချရေတံခါးအနီးတွင် တိုက်ပွဲများအသီးသီးဖြစ်ပွားကြခြင်းဖြစ်သည်။

ထိုတိုက်ပွဲများတွင် KNDF B19 မှ ရဲဘော်တစ်ဦးကျဆုံးကာ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အသက် ပေးသွားသောရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly