ဦးခင်ရီ၊ ဦးချစ်နိုင်၊ ဗဟိုဘဏ်ဉက္ကဌ ဦးသန်းညိန်းနှင့် ဒုဉက္ကဌ ဦးဝင်းသော်တို့ ရာထူးက ဖယ်ရှားခံရ

ဦးခင်ရီ၊ ဦးချစ်နိုင်၊ ဗဟိုဘဏ်ဉက္ကဌ ဦးသန်းညိန်းနှင့် ဒုဉက္ကဌ ဦးဝင်းသော်တို့ ရာထူးက ဖယ်ရှားခံရ

စစ်ကောင်စီက ၎င်းတို့ခန့်အပ်ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဗဟိုဘဏ်ဉက္ကဌ ဦးသန်းညိန်းနှင့် ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားယူခွင့်ပြုကြောင်း ယနေ့ ဩဂုတ်လ ၁၉ရက်နေ့တွင် ထုတ်ပြန်သည်။

ဗဟိုဘဏ်ဉက္ကဌ နေရာတွင် ဒုတိယဉက္ကဌ ဒေါ်သန်းသန်းဆွေကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ခြောက်လအတွင်း နိုင်ငံ့စီးပွားရေးဦးမော့လာအောင် ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြွေးကြော်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ၎င်းတို့ ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးအချို့ကို အပြောင်းအရွှေ့ ပြုလုပ်လာခြင်းဖြစ်သည်။

ပြည်​ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း​ကြောင်း စစ်​ကောင်စီက ညနေပိုင်းတွင်ထုတ်ပြန်ခဲ့ပြီး စစ်​ကောင်စီခန့်ဝန်ကြီး အပြောင်းအရွှေ့စာရင်းကိုပါ ထုတ်ပြန်ခဲ့သည်။

အဆိုပါ စာရင်းအရ စီးပွား​ရေးနှင့် ကူးသန်း​ရောင်းဝယ်​ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ပြီး အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းရွှေ့လိုက်သည်။

ထို့အပြင် စစ်ကောင်စီက ခန့်အပ်ထားသည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ပြီး ယခင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ရွှေ့ပြောင်းခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်နေရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဦးတင်ဦးအား ပြောင်းရွှေ့ခန့်အပ်လိုက်ကာ ၎င်း၏ နေရာကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဉက္ကဌ ဦးသန်းဆွေအား အစားထိုးခဲ့သည်။

လစ်လပ်သွားသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဉက္ကဌ နေရာကိုမူ နေပြည်တော်ကောင်စီဉက္ကဌ ဒေါက်တာ မောင်မောင်နိုင်ကို ခန့်အပ်ကြောင်း ထုတ်ပြန်ထားသည်။ နေပြည်တော်ကောင်စီဉက္ကဌနေရာတွင်မူ ဦးတင်ဦးလွင်အားခန့်အပ်ခဲ့သည်။

စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကို ရာထူးက ထုတ်ပယ်လိုက်ပြီး ၎င်းနေရာတွင် ဒေါက်တာ ဝုန်ဆွန်းထန်အား ခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့အပြင် ပဲခူးတိုင်း​ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း​ဒေသကြီးတို့၏ လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီး​နေရာများကိုလည်း အစားထိုးခန့်အပ်လိုက်သည်ကို ​တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required