မင်းကင်းမြို့နယ် သင်တောကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

By လွှမ်းမိုး
19 August 2022
မင်းကင်းမြို့နယ် သင်တောကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

ဩဂုတ် ၁၉

ကနီ(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှ အိမ်ခြေ ၅၀၀ ခန့်ရှိ သင်တောကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ သြဂုတ်လ ၁၈ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် ရွာကိုမီးတင်ရှို့နေကြောင်း သိရသည်။

လက်ရှိတွင် သင်တောကျေးရွာရှိဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်ရန်မှ ထွက်ပြေးတိမ်ရှောင်နေရ သဖြင့် မီးလောင်ပြာကျသွားသည့် အိမ်အရေအတွက်ကို အသေးစိတ်မသိရှိရသေးကြောင်း ဒေသခံပြည်သူ တစ်ဦးကပြောသည်။

“စစ်ကောင်စီရေယာဥ်အုပ်စု ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက်ကိုစုန်လာပြီဆိုကတည်းက ကျနော်တို့ ထွက်ပြေးနေရတယ်။ မနေ့ကဆိုရင် အသက်(၇၀)လောက် အဘိုးတစ်ဦး အမောဖောက်ပြီးသေသွားတယ်။ အကုန်လုံး ထွက်ပြေးနေရတယ်။ မိုးကလည်းရွာနေတော့ ကျန်းမာရေးကအစချက်ရေးပြုတ်ရေးအထိ အခက်အခဲတွေရှိတာပေါ့” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးကဆိုသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာသည့် စစ်ကောင်စီရေယာဥ်အုပ်စုသည် သင်တောကျေးရွာအနီး တွင် ကျောက်ချတပ်စွဲထားကြောင်း သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#စစ်ကိုင်းတိုင်း

#သင်တောကျေးရွာ

#စစ်ကောင်စီရေယာဉ်အုပ်စု

#သုံးကြိမ်မြောက်မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly