ဩဂုတ် ၁၉
ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၁ ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းမပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ယမန်နေ့ညက လက်ပစ်ဗုံးခွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။
"အသံအကျယ်ကြီးကြားလိုက်တယ်၊ ဗုံးပေါက်တဲ့အသံလိုမျိုး အရမ်းကျယ်တယ်၊ ပစ်သံတွေလိုမျိုးလည်းကြားရတယ်၊ တစ်ခုခုဆို အချိန်ခြားပြီးမှတင်ကြတော့ ဘယ်နေရာဖြစ်တာလဲ မသိသေးဘူး၊ အသံတွေကတော့ အောင်သလားမမေးနဲ့၊ အားရတယ်။" ဟု ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှာ သြဂုတ်လ ၁၈ ရက် ည ၈နာရီခွဲဝန်းကျင်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအား Dagon Seikkan PDF အဖွဲ့မှလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ကင်းစောင့်သောနေရာတွင် လက်ပစ်ဗုံးတိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသဖြင့် ၎င်းတို့၏ ထိခိုက်ကျဆုံးမှုကိုပါ သိရှိသည်နှင့် တစ်ပြိုင်နက် ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တိုက်ခိုက်မှုအပြီးတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ဘေးကင်းရာနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#စစ်ကောင်စီ