မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံမှုအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ကာကွယ်ပြောဆို

မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံမှုအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ကာကွယ်ပြောဆို

ဩဂုတ် ၁၉

မြန်မာနိုင်ငံတွင် မကြာသေးခင်က အာဏာသိမ်းစစ်ကောင်စီက သေဒဏ်စီရင်မှုများ လုပ်ဆောင်ခဲ့မှုနှင့် လာမည့်နှစ်တွင် ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်နေမှုတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန် မြန်မာစစ်ကောင်စီနှင့် အိန္ဒိယအကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ဩဂုတ် ၁၈ ရက်တွင် ခုခံကာကွယ်ပြောဆိုသွားခဲ့သည်။

ယမန်နှစ်က စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံ၏ ဆယ်စုနှစ်ကြာ ဒီမိုကရေစီ စမ်းသပ်ကျင့်သုံးမှုက ရပ်ဆိုင်းသွားခဲ့ရသလို နိုင်ငံသည်လည်း သွေးထွက်သံယို ပဋိပက္ခထဲ သက်ဆင်းသွားခဲ့ရသည်။

ယင်းနောက် အနောက်နိုင်ငံအချို့က စစ်ကောင်စီနှင့် ဆက်ဆံရေး အဆင့်အတန်း လျှော့ချခြင်း၊ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ခြင်းတို့ကို လုပ်ဆောင်ထားခဲ့ကြသည်။

သို့သော် အိန္ဒိယ၊ တရုတ်နှင့် ရုရှတို့က ဝန်ကြီးအဆင့် ခရီးစဉ်များ သွားရောက်ခြင်း အပါအဝင် စစ်ကောင်စီနှင့် ဆက်လက် ထိတွေ့ဆက်ဆံလျက် ရှိသည်။

မြန်မာအပေါ် ထားသည့် အိန္ဒိယအစိုးရ၏ ရပ်တည်ချက်က ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းခဲ့ရမှုကာလမှစပြီး ဆယ်စုနှစ်များစွာကြာ အပြောင်းအလဲမရှိ တသမတ်တည်း ဖြစ်ခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက ပြောသည်။

“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ နိုင်ငံရေးအရ အကဲဖြတ် ဝေဖန်သင့်တဲ့ အရာမျိုး မဟုတ်ပါဘူး” ဟု ဂျိုင်ရှန်ကာက ဘန်ကောက်ရှိ ချူလာလောင်ကွန်းတက္ကသိုလ်၌ ဟောပြောပွဲ တက်ရောက်လာသူများကို ပြောခဲ့သည်။

အနီးဆုံး အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်နေသည့်အတွက် အိန္ဒိယအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံမှုကို ရှောင်လွဲ၍ မရနိုင်ခဲ့ကြောင်း၊ အကြောင်းမှာ စနစ်တကျ စီစဉ်သော ရာဇဝတ်မှု၊ ကိုရိုနာဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံရှိ အိန္ဒိယသူပုန်များ ကဲ့သို့ နယ်စပ်ကိစ္စရပ်များ ရှိနေ၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နယ်စပ် ဆက်ဆံရေးနဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်တာရဲ့ ခက်ခဲရှုပ်ထွေးမှုတွေကို စီမံသွားရပါမယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ်အစောပိုင်းက မြန်မာဆိုင်ရာ အိန္ဒိယသံအမတ်သစ်သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီခေါင်းဆောင်ထံ ပေးအပ်ခဲ့ခြင်းအားဖြင့် အိန္ဒိယသည် စစ်ကောင်စီကို အသိအမှတ်ပြုသည့် နိုင်ငံအနည်းငယ်မျှအနက် တစ်နိုင်ငံ ဖြစ်လာခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required