ကုလကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို သင့်တော်သည့်အချိန်တွင် တွေ့ခွင့်ပေးရန် လမ်းဖွင့်ထားဟု စစ်ကောင်စီခေါင်းဆောင် ပြော

ကုလကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို သင့်တော်သည့်အချိန်တွင် တွေ့ခွင့်ပေးရန် လမ်းဖွင့်ထားဟု စစ်ကောင်စီခေါင်းဆောင် ပြော

ဩဂုတ် ၁၉

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သင့်တော်သည့် အချိန်တွင် တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် လမ်းဖွင့်ပေးထားကြောင်း စစ်ကောင်စီ ခေါင်းဆောင်က ပြောကြားခဲ့သည်ဟု ကုလသမဂ္ဂက ဩဂုတ် ၁၈ ရက်တွင် ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁၇ ရက်က နေပြည်တော်တွင် ကုလအထူးကိုယ်စားလှယ် နိုလင်း ဟေဇာနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်ကြောင်း ကုလ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်ခ်က ပြောသည်။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စောင့်ရှောက်ရန်နှင့် သူမ ကောင်းမွန်စွာ နေထိုင်နိုင်စေရန် အစီအမံများ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့သည်ဟု ဖာဟန် ဟက်ခ်က ပြောသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖေါ်ဝါရီလက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် ပြင်းထန်ကြမ်းတမ်းသော မငြိမ်မသက်မှုတို့ ဖြစ်ပေါ်ထားခဲ့သည်။

စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဒုတိယမြောက် အစိုးရသက်တမ်းတစ်ခု စတင်မှုအပေါ် တားဆီးခဲ့ပြီး ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမှု တသီတတန်းဖြင့် စွဲဆိုထားခဲ့ကာ ယင်းအမှုများသည် အာဏာသိမ်းစစ်ကောင်စီဘက်က နိုင်ငံရေး အရင်းခံပြီး စွပ်စွဲသော အမှုများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နေပြည်တော် သီးသန့်အကျဉ်းထောင်တစ်ခုတွင် ထိန်းသိမ်းခံထားရပြီး စစ်ကောင်စီက သူမကို အပြင်လူများနှင့် တွေ့ဆုံခွင့်ပေးရန် ငြင်းဆန်ထားသည်။

ကုလအထူးကိုယ်စားလှယ် နိုလင်း ဟေဇာ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတွင် အကြမ်းဖက်မှုအားလုံး အမြန်ဆုံး ရပ်ဆိုင်းရန်၊ အရပ်သားအုပ်ချုပ်မှုနှင့် ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်သွားမည့် နိုင်ငံရေးလမ်းကြောင်းတစ်ခုကို ထောက်ခံရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ပို့ရန်နှင့် သူမနှင့် တွေ့ဆုံခွင့်ပေးရန် ဟေဇာက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုခဲ့သည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု၊ လုံခြုံရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းနှင့် စပ်လျဉ်းပြီး ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အထူးတလည် စိုးရိမ်ပူပန်နေကြောင်းနှင့် နိုင်ငံရေး အကျဉ်းသား အားလုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းကို နိုလင်း ဟေဇာက ထပ်လောင်း ပြောဆိုခဲ့သည်။ ထို့ပြင် မကြာသေးခင်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့မှုအတွက် ကမ္ဘာတစ်ဝန်း ဝိုင်းဝန်းပြစ်တင်ရှုတ်ချသံများ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် နောက်ထပ် သေဒဏ်စီရင်မှုများ ထပ်မလုပ်ဘဲ တရားဝင် ရပ်ဆိုင်းရေး နိုလင်း ဟေဇာက စစ်ကောင်စီခေါင်းဆောင်ကို တိုက်တွန်းခဲ့သည်။

ဟေဇာ၏ ခရီးစဉ်တွင် မည်သည်ကို ဖြစ်မြောက်အောင်မြင်ခဲ့သလဲ ဆိုသည့် မေးခွန်းကို ဖြေကြားရာတွင် ဟက်ခ်က “အဓိကကျတဲ့ ရလဒ်တစ်ခုကတော့ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေးအတွက် သူမရဲ့ တောင်းဆိုချက်တွေကို ပွင့်ပွင့်လင်းလင်း ဆက်လက် ဆွေးနွေးမယ်ဆိုပြီး စစ်ကောင်စီဘက်က ကတိပေးခဲ့တာပဲဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ထိန်းသိမ်းခံထားရသည့် ကလေးအားလုံးကို ပြန်လွှတ်ပေးရေး ဟေဇာက ပန်ကြားခဲ့ရာတွင် အကျဉ်းထောင်များနှင့် အခြားအကျဉ်းစခန်းနေရာများတွင် အသက် ၁၂ နှစ်အောက် ကလေးများကို ဖမ်းဆီးထိန်းသိမ်းထားမည်မဟုတ်ဟု စစ်ကောင်စီခေါင်းဆောင်က အာမခံပြောကြားခဲ့သည်ဟု ဟက်ခ်က ပြောသည်။ ထို့ပြင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးများအတွက် ပြစ်ဒဏ် လျှော့ပေါ့စီရင်ရေး စဉ်းစားသွားမည်ဟု စစ်ကောင်စီခေါင်းဆောင်က ကုလကိုယ်စားလှယ်ကို ကတိပြုခဲ့သည်ဟု ဟက်ခ်က ပြောသည်။

နှစ်ရက်တာခရီးစဉ်အတွင်း ကုလကိုယ်စားလှယ် နိုလင်း ဟေဇာ ထုတ်ဖော်ခဲ့သည့် အခြားကိစ္စရပ်များနှင့်ပတ်သက်ပြီး ဟက်ခ်က ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ ယင်းအတွက်ကြောင့် နိုင်ငံတွင် လေကြောင်းမှ တိုက်ခိုက်မှုနှင့် လူနေအိမ်များနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို မီးရှို့ခြင်းများ ရပ်ဆိုင်းရေး အပါအဝင် အကြမ်းဖက်အားလုံး ချက်ချင်းရပ်ဆိုင်းရန်နှင့် အရပ်သားအုပ်ချုပ်မှု ပြန်သွားရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ရေးနှင့် ကွပ်မျက်မှုများ အဆုံးသတ်ရေးအတွက် လုပ်ဆောင်ချက်များ စတင်ရန် ဟေဇာ၏ တောင်းဆိုမှုများအပိုင်းတွင် တိုးတက်မှုအနည်းငယ်သာရရှိ သို့မဟုတ် တိုးတက်မှု မရှိခဲ့ဆိုသည်ကို ညွှန်ပြနေသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required