အာဏာသိမ်းစစ်ခေါင်းဆောင်၏ အကြမ်းဖက်မှုများအတွက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းမိတ္တူပေးအပ်၍ ကုလအထူးကိုယ်စားလှယ် သတိပေး

အာဏာသိမ်းစစ်ခေါင်းဆောင်၏ အကြမ်းဖက်မှုများအတွက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းမိတ္တူပေးအပ်၍ ကုလအထူးကိုယ်စားလှယ် သတိပေး

ဩဂုတ် ၁၈

မဲဆောက်(မဇ္ဈိမ)။ ။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ(Noeleen Heyzer )သည် ဩဂုတ်လ ၁၇ရက်နေ့က အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်း မိတ္တူကို ပေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းသည် ကမ္ဘာ့နိုင်ငံရေးတည်ငြိမ်မှုစံနစ်၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို ရရှိလိုပါက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စံနှုန်းများကို လိုက်နာရန်လိုအပ်ကြောင်း‌ ပြောကြား၍ ကုလသမဂ္ဂပဋိညာဉ်စာတမ်းမိတ္တူကို ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီဥက္ကဋ္ဌအား ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း မိတ္တူပေးခဲ့သည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ယခုလိုဖြေကြားသည်။

” မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက ကိုယ့်ပြည်သူလူထု အပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုမျိုးစုံက ပြည်သူလူထုအပေါ်ကျူးလွန်ရမယ့် အရာမဟုတ်ဘူးဆိုတာဖော်ပြဖို့ပါ။ မလုပ်သင့်ဘူး။ မလုပ်ရဘူး။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်ရမယ်ဆိုတဲ့ပြောဆိုချက်တွေကို အကြောင်းပြုပြီး စစ်ကောင်စီအဖွဲ့ကို သိအောင်လုပ်ပေးလိုက်တာပါ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ကုလအထူးကိုယ်စားလှယ်သည် စစ်ကောင်စီဥက္ကဋ္ဌအား အာဆီယံမှ ချမှတ်ထားသည့် ဘုံသဘောတူညီချက်ငါး ရပ်ကို လေးစားလိုက်နာရန် ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂရုံး မှ ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။

ထို့ပြင် ကုလအထူးကိုယ်စားလှယ်က သေဒဏ်ပေးမှုများကို တရားဝင်ဆိုင်းငံထားရန် ၊ ဩစတေးလျနိုင်ငံ သားမစ္စတာရှောင်တာနယ်ကို လွှတ်ပေးရန်၊ အကျဉ်းထောင်အသီးသီးရှိ ကလေးငယ်များကို လွှတ်ပေးရန် ၊ အကြမ်းဖက်မှုအမျိုးမျိုးကို ရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အပြည့်ဝလိုက်နာရန်၊ လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကို ရပ်တန့်ရန်၊ ဖမ်းဆီးထောင်ချခြင်း ခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်တို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြောကြားခဲ့သည်။

ကုလ အထူးကိုယ်စားလှယ်၏ ယခုတွေ့ဆုံမှုသည် စစ်ကောင်စီကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း ကုလသမဂ္ဂရုံးမှ အတိအလင်းပြောကြားခဲ့သော်လည်း စစ်ကောင်စီကမူ ကုလအထူး ကိုယ်စားလှယ်နှင့်တွေ့ဆုံမှုအပေါ် “လက်ခံတွေ့ဆုံ” ဟူသည့် စကားလုံးကို သုံးနှုန်း၍ သတင်းထုတ်ပြန်ထားသည်။

“ကျွန်မရဲ့ ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို အသိပေးပြောကြားဖို့၊ ပြည်သူတွေ ဘေးဒုက္ခခံစားနေရာတာတွေနဲ့ ပဋိပက္ခကိုလျှော့ချဖို့၊ လိုအပ်နေတဲ့ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်ချက်တွေကိုအဆိုပြုဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက ဘယ်လိုအကြောင်းနဲ့မှ တရားဝင်မှုကို ပြသမှာ မဟုတ်ပါဘူး ” ဟု ကုလအထူး ကိုယ်စားလှယ်က ပြောကြားထားသည်။

အာဏာသိမ်းမှု ကို ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းထားသည့် တစ်နှစ်ကျော်ကာလအတွင်း မြန်မာ့အရေး ဖြေရှင်းလာရောက်သည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့် အကြိမ်ကြိမ်တွေ့ဆုံမှုများရှိသော်လည်း အကြမ်းဖက် လုပ်ရပ်များနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။

အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ် ပရတ်ခ်ဆော့ခွန်းက မြန်မာ့အရေးကို စူပါမန်း ပင်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သြဂုတ်လအစောပိုင်းက မှတ်ချက်ပြုထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ခေါင်းဆောင်

#အကြမ်းဖက်မှု

#ကုလအထူးကိုယ်စားလှယ်

#နိုလင်းဟေဇာ

#ကုလသမဂ္ဂပဋိညာဉ်စာတမ်း

#သတိပေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required