ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြား

ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြား

ဩဂုတ် ၁၈

ချင်းမိုင်(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ခြောက် ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က ယနေ့ သြဂုတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ကုန်းသာကျေးရွာအတွင်း အင်အား ၂၀ ခန့်ဖြင့်တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ကရင်နီတော်လှန် ရေးတပ် KRU နှင့် မဟာမိတ်ဒီးမော့ဆို PDF တို့ပူပေါင်းကာ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၃၀ မိနစ်အထိ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်နာရီကြာ တိုက်ပွဲပြင်းထန် ခဲ့သည်ဟု ဆိုသည်။

"တပ်စွဲထားတဲ့တပ်စခန်းကို သွားတိုက်တာပါ၊ တကယ်က သိမ်းဖို့အထိလုပ်တာ၊ ကျွန်တော်တို့ရှေ့မှာတင် ကျဆုံးတာ ခြောက်ယောက်ရှိတယ်၊ အဲဒီထက်လည်းများနိုင်တယ်၊ စစ်ကူတွေရောက်မလာခင် ပြန်ဆုတ် ခဲ့ရတာ" ဟု KRU ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အထိနာသဖြင့် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ၊ စက်သေနတ်ဖြင့် မနားတမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုအတွင်း ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU ဖက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကာ KRU ဘက်မှ 81MM လက်နက်ကြီးတို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့သည်ဟု သိရသည်။

ကုန်းသာကျေးရွာသည် ဒီးမော့ဆိုမြို့ပေါ်ရှိ ကျေးရွာများအတွင်းမှ ရွာတစ်ရွာဖြစ်ပြီး အဆိုပါကျေးရွာအနီး မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ လက်ရှိအချိန်တွင်လည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဆက်လက်တပ်စွဲထားသည်ဟု သိရသည်။

"ဒီနေ့မှာ စကစ(စစ်ကောင်စီတပ်)တွေက အင်အားထပ်ဖြည့်မယ့်အနေအထားရှိတယ်။ စကစတွေ ရှိနေသ၍ တိုက်ပွဲကတော့ဆက်ပြီးပြင်းထန်လာဦးမှာပဲ။ တိုက်ပွဲတွေလုပ်နေရတာလည်း ကုန်ကျစရိတ်က ရှိတယ်လေ၊ လက်နက်ခဲယမ်းတွေ တတ်နိုင်သလောက် များများထောက်ပံ့ပေးဖို့ပြောချင်ပါတယ်" ဟု KRU ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU အနေဖြင့် လက်ရှိတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ကို နောက် မဆုတ်စတမ်း ခုခံတိုက်ထုတ်နေပြီး ပြည်သူများအနေဖြင့် လက်နက်နှင့် ကျည်ဆံများ လှူဒါန်းလိုပါက ၎င်းတို့ Facebook Page မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းစကားပါးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်ဖြတ် ။ ။ စောဖေ

#ကရင်နီပြည်နယ်

#ဒီးမော့ဆိုမြို့နယ်

#စစ်ကောင်စီ

#KRU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required