ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံဆီ ပြန်ရမည်ဟု ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ပြော 

ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံဆီ ပြန်ရမည်ဟု ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ပြော 

ဩဂုတ် ၁၈

ဘင်္ဂလားဒေ့ရှ်ရှိ လူပြည့်သိပ်သော စခန်းများ၌ နေထိုင်နေကြသည် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် အကြမ်းဖက် ဖိစီးနှိပ်စက်မှုများမှ ထွက်ပြေးလာရာ မြန်မာနိုင်ငံဆီ ပြန်ကြရလိမ့်မည်ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲအား ပြောသည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘက်ချလက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာသို့ တနင်္ဂနွေနေ့က ရောက်ရှိပြီး မြန်မာနယ်စပ်နားက ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။ 

“ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်၊ သူတို့ကို ပြန်ပို့ရမှာပဲ ဖြစ်တယ်”ဟု ဟာစီနာက ပြောကြောင်း သူမ၏ ပြန်ကြားရေးအတွင်းဝန် အစ်ဆန်နူ ကာရမ်က ဗုဒ္ဓဟူးနေ့တွင် ကိုးကားပြောဆိုသည်။ 

မွတ်စလင်အများစု ရိုဟင်ဂျာအသိုင်းအဝိုင်းအား ဗုဒ္ဓဘာသာ အများစု မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ် အသိအမှတ် မပြုထားကြပေ။ 

၂၀၁၇ ဩဂုတ်အတွင်းက သူပုန်အုပ်စုတစ်စု၏ တိုက်ခိုက်မှုနောက် မြန်မာစစ်တပ်က “နယ်မြေရှင်းလင်းရေး” ဆောင်ရွက်ရာတွင် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ထက်မနည်း နယ်စပ်ကို ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ မြန်မာနိုင်ငံက အခြေအနေသည် ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ပို၍ ဆိုးဝါးလာသည်။ 

“စိတ်မကောင်းစရာပါဘဲ၊ နယ်စပ်တလျှောက်က လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဆီ ပြန်ကြဖို့ အခြေအနေ ရှိမနေဘူး”ဟု ဒါကာ၌ သတင်းထောက်များအား ဘက်ချလက်က ပြောသည်။ 

“နေရပ်ပြန်တယ်ဆိုတာ မြန်မာနိုင်ငံက အခြေအနေတွေ ဘေးကင်းစိတ်ချရတဲ့ အခြေအနေမှာ ကိုယ်ပိုင်ဆန္ဒနဲ့ သိက္ခာရှိရှိ ပြန်တာပဲ အမြဲဖြစ်သင့်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်း ငါးနှစ်နီးပါး အကြာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကြီးမားသော ဒုက္ခသည်ဦးရေ တည်ရှိနေခြင်းအပေါ် တိုး၍ သည်းမခံနိုင် ဖြစ်လာသည်။ “ရိုဟင်ဂျာ ဆန့်ကျင်ရေး သဘောထားများ တိုးပွားလာခြင်း”ကြောင့် စိုးရိမ်ပူပန်ရကြောင်း ဘက်ချလက်က ပြောသည်။ 

လက်နက်ကိုင်အုပ်စုများနှင့် ရာဇဝတ်ဂိုဏ်းများ၏ လှုပ်ရှားမှုများကြောင့် ဒုက္ခသည် တော်တော်များများက ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရသည်ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required