ဖမ်းဆီးခံရွာသားများ ပြန်လွတ်ရေးအတွက် ပျူစောထီးခေါင်းဆောင်တောင်းသောငွေပေးခဲ့သော်လည်း ထောင် ၆ နှစ်စီ ကျခံရ

ဖမ်းဆီးခံရွာသားများ ပြန်လွတ်ရေးအတွက် ပျူစောထီးခေါင်းဆောင်တောင်းသောငွေပေးခဲ့သော်လည်း ထောင် ၆ နှစ်စီ ကျခံရ

ဩဂုတ်လ ၁၇ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ သာစည်နယ်စပ်ရှိ သာစည်မြို့နယ် ငှက်ပျောတောကျေးရွာနေ ရွာသား ၁၀ ဦးမှာ စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရပြီး ပျူစောထီးခေါင်းဆောင်တောင်းသော ငွေများကို မိသားစုဝင်များဘက်က ခက်ခက်ခဲခဲပေးခဲ့သော်လည်း ၎င်းရွာသားတို့ ထောင်ဒဏ် ခြောက်နှစ်စီ ကျခံလိုက်ရကြောင်း သိရသည်။

အဆိုပါ ရွာသားများမှာ ပြီးခဲ့သည့် မေလပိုင်းက စစ်ကောင်စီတပ်မှ မတရား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး မြင်းကျဒိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးဝင်းမြင့် က တစ်ဦးလျှင် ငါးသိန်းကျပ်ပေးပါက ပြန်လွှတ်ပေးရန် ဆောင်ရွက်ပေးမည်ဟု ပြောဆိုညှိနှိုင်းသဖြင့် မိသားစုဝင်များက ၁၀ဦးစာ သိန်း ၅၀ ပေးခဲ့ရကြောင်း ရွာခံများထံက သိရသည်။

သို့သော် ၎င်းရွာသား ၁၀ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသည့်အပြင် ယခု သြဂုတ်လအတွင်းတွင် ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်ခံလိုက်ရကာ ယခုလက်ရှိတွင် တောင်ကြီးခရိုင်ရှိ တောင်လေးလုံးအကျဉ်းထောင်တွင် အကျဉ်းကျခံနေရကြောင်း စုံစမ်းသိရှိရသည်။

မတရားဖမ်းဆီးခံ ရွာသားများမှာ ငှက်ပျောတောရွာအနီး စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်များ စစ်ကြောင်းထိုးစဉ် ရွာထဲသို့ ဝင်ရောက်ဖမ်းဆီးခြင်းခံရသော သာမန်အရပ်သားပြည်သူများဖြစ်ကာ ဖမ်းဆီးခံရစဉ်က ၁၃ ဦးဖမ်းခံခဲ့ရကြောင်း၊ အသက်မပြည့်သူ သုံးဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်း ရွာခံများထံက သိရသည်။

''ပဲရင်းတောင်ရွာက အသက်မပြည့်တဲ့ သုံးယောက်က ပြန်လွတ်လာပါတယ်၊ ၁၈ နှစ်မပြည့်ကြသေးပါဘူး၊ ပြန်လွတ်လာတဲ့သူတွေထဲက နှစ်ယောက်က သိန်း၅၀ကျော်စီကုန်တယ်၊ ကျန်တဲ့ တစ်ယောက်ကတော့ သူတို့ဘက်က မပြောဖို့ပိတ်ထားလို့ မသိရဘူး ။ အကျဉ်းကျခံရတဲ့ သူတွေကတော့ အရွယ်ကောင်းတွေပါ၊ တော်လှန်ရေး မလုပ်ကြဘူး၊ ရွာမှာရိုးရိုးနေကြတဲ့သူတွေပါ၊ သူတို့ကို လွတ်အောင်ညှိပေးမယ်လို့ပြောတဲ့ ပျူခေါင်းဆောင် ဦးဝင်းမြင့်ဆီ ငါးသိန်းစီပေးရတယ်လို့ ပြောကြပေမယ့် တကယ်တော့ ၁၃သိန်းစီပေးထားရတာ။''ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နှင့် တပည့်နှစ်ယောက် စီးလာသောကားအား ရွာငံမြို့နယ်ရှိ မိန်းမရဲတောင်အနီး လမ်းမကြီးပေါ်တွင် ပစ်ခတ်ခံရကာ ဝင်းမြင့်၏ လက်ရုံးတပည့်နှစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly