ထိုင်းတောင်ပိုင်း နေရာအများအပြား၌ ဗုံးခွဲမှုများနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွား

ထိုင်းတောင်ပိုင်း နေရာအများအပြား၌ ဗုံးခွဲမှုများနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွား

ဩဂုတ်လ ၁၇ ရက်

ထိုင်းနိုင်ငံတောင်ပိုင်းရှိ နေရာ ၁၇ ခုထက်မနည်းတွင် ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ လူခုနစ်ဦးကို ထိခိုက်ဒဏ်ရာများ ရစေခဲ့သည့် ထိုဖြစ်စဉ်များသည် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သော တိုက်ခိုက်မှုများ ဖြစ်ပုံရသည်ဟု ထိုင်းအာဏာပိုင်တို့က ပြောသည်။

ထိုင်းတောင်ပိုင်း ပြည်နယ်သုံးခုတွင် ညသန်းခေါင်ယံနောက်ပိုင်း ဗုံးပေါက်ကွဲမှုများနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကုန်မျိုးစုံဆိုင်များနှင့် ဂတ်စ်ဆိုင်တစ်ဆိုင်တို့ ပစ်မှတ်ထားခြင်း ခံခဲ့ရကာ အနည်းဆုံး လူခုနစ်ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

လက်ရှိအချိန်အထိ ထိုတိုက်ခိုက်မှုများအတွက် မည်သူကမှ တာဝန်ခံထုတ်ဖော်ခြင်း မရှိသေးပေ။

မလေးရှားနှင့် နယ်စပ်ချင်း ထိစပ်နေသော ထိုင်းတောင်ပိုင်း ပြည်နယ်များတွင် ဆယ်စုနှစ်များစွာကြာ လယ်ဗယ်နိမ့် သောင်းကျန်းမှုတစ်ရပ်ကို မြင်တွေ့ထားခဲ့ရသည်။ အဓိကအားဖြင့် မွတ်စလင် အများစုပြည်နယ်များဖြစ်သော ပတ္တာနီ၊ ယာလာ၊ နရာသီဝပ်နှင့် ဆွန်ခလ၏ နယ်မြေဒေသများအတွက် လွတ်လပ်ရေးကို တောင်းခံနေခဲ့သော လျှို့ဝှက်သိုသိပ်သော အဖွဲ့များကို ထိုင်းအစိုးရက ရင်ဆိုင်တိုက်ခိုက်ထားခဲ့ရသည်။

၂၀၀၄ ခုနှစ်နောက်ပိုင်း ပဋိပက္ခအတွင်း လူပေါင်း ၇,၃၀၀ ကျော် သေဆုံးခဲ့ရကြောင်း အကြမ်းဖက်မှုကို လေ့လာစောင့်ကြည့်နေသည့် Deep South Watch အဖွဲ့က ပြောသည်။

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှုများကလည်း ထပ်တလဲလဲ အလျဉ်ပျက်ပြားမှုများနှင့် ရင်ဆိုင်ထားရသည်။

ကပ်ရောဂါကြောင့် နှစ်နှစ်ကြာ ရပ်နားထားခဲ့ပြီးနောက် ထိုင်းအစိုးရသည် ယခုနှစ်အစောပိုင်းက အဓိက သောင်းကျန်းသူအဖွဲ့ဖြစ်သည့် Barisan Revolusi Nasional နှင့် ဆွေးနွေးမှုများ ပြန်စခဲ့ပြီးနောက် ယခု ဩဂုတ် ၁၇ ရက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly