ရန်ကုန်မြို့၌ မိုးကြီးပြီး မြို့နယ်အများစုတွင်ရေနစ်မြုပ်

ရန်ကုန်မြို့၌ မိုးကြီးပြီး မြို့နယ်အများစုတွင်ရေနစ်မြုပ်

ဩဂုတ် ၁၇

(မဇ္ဈိမ)။။ ။ ရန်ကုန်မြို့၌ မိုးကြီးပြီး မြို့နယ်အများစုတွင်ရေနစ်မြုပ်မှုများဖြစ်ပွားနေကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

သြဂုတ် ၁၆ ရက်ညပိုင်းကတည်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ရေကြီးမှုများဖြစ်ပွားနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရှိ မြို့နယ်များဖြစ်သည့် တောင်ဥက္ကလာ၊ မရမ်းကုန်း၊ လှိုင်၊ သာကေတ၊ လှိုင်သာယာ၊ သန်လျင်၊ မှော်ဘီ အစရှိသည့်မြို့နယ်များတွင် ရေကြီးမှုများဖြစ်ပွားပြီး YBS ယာဥ်များ ရှေ့ဆက်မသွားနိုင်ဘဲ ရပ်တန့်နေမှုများရှိနေသည်ဟု ဒေသခံများကဆိုသည်။

" ကမ္ဘာအေးဘုရားလမ်းပေါ်မှာပဲ ရှိသေးတယ်။ မြို့ထဲကိုဘယ်ချိန်ရောက်မလဲမသိသေးဘူး" ဟု ကျောက်တံတားမြို့နယ်သို့သွားရောက်မည့်သူတစ်ဦးကပြောသည်။

" ဗုဒ္ဓဟူး​နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့အနှံ့မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် ​ရန်ကုန်လမ်းမ​နေရာတချို့တွင်ရေကြီး​ရေလျှံမှုများဖြစ်​ပေါ်​နေ​သော​ကြောင့် ယာဥ်လမ်း​ကြောပိတ်ဆို့မှုများဖြစ်​ပေါ်နိုင်ပြီးYBSယာဥ်လိုင်းတချို့သွားလာရ​နှောင့်​နှေးနိုင်ပါ​ကြောင်းနှင့်ယာဥ်​စောင့်ချိန်အနည်းငယ်ကြာမြင့်နိုင်ပါ​ကြောင်း အသိ​ပေးအပ်ပါသည်" ဟု YBS လမ်းညွန်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးများပြီးရေကြီးမှုများမှာ အရှေ့လေပွေလှိုင်းကြောင့် ဖြစ်ကာ ယနေ့နံနက် ၁၁ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ်နှင့် ရန်ကုန်မြို့အကြားဖြတ်သန်းမည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကပြောကြားထားသည်။

" အခု ဖြစ်နေတဲ့ အရှေ့လေပွေလှိုင်း(Upper Air Cyclonic Circulatio-UACC) ဟာ ည ၂ နာရီမှာ မော်လမြိုင်မြို့ပေါ်ကို ရောက်လာတာတွေ့ရပြီး၊ စစ်တောင်းမြစ်ဝှမ်းကိုဖြတ်ကာ မနက် ၁၁ နာရီဝန်းကျင်ခန့်မှာ လှည်းကူးမြို့နဲ့ ရန်ကုန်မြို့ကြားက ဖြတ်ပြီး ဟင်္သာမြို့ပေါ်ကတဆင့် ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ သံတွဲမြို့အနီးမှ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းပင်လယ်ပြင်ကို ရောက်ရှိမယ်လို့ နောက်ဆုံးရတဲ့ ECMWF Model ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်" ဟု ဦးဝင်းနိုင်ကပြောသည်။

ပုံစာ- ရန်ကုန်တိုင်းရှိမြို့နယ်များတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွားစဥ်

Photo- CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly