ခရိုင်းမီးယားရှိ ရုရှ စစ်အခြေစိုက်စခန်း၌ ပေါက်ကွဲမှုများ ဖြစ်ပွား

ခရိုင်းမီးယားရှိ ရုရှ စစ်အခြေစိုက်စခန်း၌ ပေါက်ကွဲမှုများ ဖြစ်ပွား

ဩဂုတ် ၁၇

မော်စကို သိမ်းပိုက်ထားသော ခရိုင်းမီးယားရှိ စစ်အခြေစိုက်စခန်းတစ်ခု၌ အဖျက်သမားများ၏ လက်ချက်ကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ရုရှက ပြစ်တင်ပြောကြားသည်။ တစ်ချိန်တည်းမှာပင် ထိုပေါက်ကွဲမှုများ ဖြစ်ပွားခြင်းက မိမိတို့ကြောင့် ဖြစ်သည်ဟု ကိယက်ဗ်က အရိပ်အမြွက်ပြခဲ့သည်။ ၎င်းတို့၏ မဟာဗျူဟာက ရုရှ ကျူးကျော်မှုကို ထောက်ပံ့ပေးနေသည့် ထောက်ပံ့ရေးလမ်းကြောင်းများကို ဖျက်ဆီးရန် ဖြစ်သည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောသည်။

ခရိုင်းမီးယားကျွန်းဆွယ် မြောက်ဘက်ရှိ စစ်အခြေစိုက်စခန်းတစ်ခု၏ ခဲယမ်းဂိုဒေါင်တစ်ခု၌ အင်္ဂါနေ့က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ ရထားသွားလာမှုများကို အလျဉ်ပြတ်ပြားစေခဲ့ပြီး အနီးအနား ရွာတစ်ရွာရှိ လူပေါင်း ၂,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရုရှ တာဝန်ရှိသူများနှင့် သတင်းအေဂျင်စီများက ထုတ်ပြန်သည်။

ယင်းနောက်ပိုင်းတွင် ခရိုင်းမီးယားအလယ်ပိုင်းရှိ ဒုတိယမြောက် ရုရှ စစ်အခြေစိုက်စခန်းတစ်ခု၌ မီးခိုးများ အူထွက်နေသည်ကို မြင်ရကြောင်း ရုရှ၏ Kommersant သတင်းစာက ဖော်ပြသည်။

ယခု ဖြစ်စဉ်မတိုင်မီ ပြီးခဲ့သည့်အပတ်က ခရိုင်းမီးယားအနောက်ပိုင်းရှိ ရုရှ စစ်ဖက် လေတပ်အခြေစိုက်စခန်းတစ်ခု၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့၍ စစ်လေယာဉ် ရှစ်စင်း ပျက်စီးခဲ့သည်။

အင်္ဂါနေ့ ခဲယမ်းဂိုဒေါင် ပေါက်ကွဲမှုများက အဖျက်သမားများ၏ လက်ချက်ကြောင့်ဖြစ်သည်ဟု ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ၂၀၁၄ ခုနှစ်က မော်စကို သိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်သည် ယူကရိန်းတောင်ပိုင်းရှိ ရုရှတပ်ဖွဲ့များအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်သလို ပင်လယ်နက် ရေတပ်သင်္ဘောစုအတွက် အခြေစိုက်နေရာလည်း ဖြစ်သည်။

ထိုပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး တာဝန်ရှိသည်ဆိုပြီး ယူကရိန်းက အတည်ပြုခြင်း သို့မဟုတ် ငြင်းဆန်ခြင်း မရှိခဲ့ပေ။ သို့သော် ယူကရိန်းတာဝန်ရှိသူများသည် ခရိုင်းမီးယားရှိ ရုရှတို့၏ ဆုတ်ဆိုင်းမှုများကို ပွင့်ပွင့်လင်းလင်း ဩဘာပေးခဲ့ကြသည်။

 

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly