အိန္ဒိယနှင့် အမေရိကန် စိုးရိမ်သည့်ကြားမှ တရုတ်သင်္ဘော သီရိလင်္ကာ၌ ဆိုက်ကပ် 

အိန္ဒိယနှင့် အမေရိကန် စိုးရိမ်သည့်ကြားမှ တရုတ်သင်္ဘော သီရိလင်္ကာ၌ ဆိုက်ကပ် 

ဩဂုတ်လ ၁၆ ရက်

ကောင်းကင်တိုင် အန်တာနာများနှင့် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထားသည့် တရုတ်သုတေသနသင်္ဘောတစ်စင်းသည် သီရိလင်္ကာရှိ တရုတ်ထိန်းချုပ်သော ဟမ်ဘန်တိုတာဆိပ်ကမ်းသို့ အင်္ဂါနေ့တွင် ဆိုက်ကပ်သည်။ 

ယင်း သင်္ဘောမှနေ၍ သူလျှိုထောက်လှမ်းခြင်းများ လုပ်ဆောင်လာနိုင်သည်ဟု အိန္ဒိယနှင့် အမေရိကန်တို့က စိုးရိမ်နေသည့်ကြား ယခုကဲ့သို့ ဆိုက်ကပ်လာခြင်းလည်း ဖြစ်သည်။ 

သုတေသနလုပ်ငန်းများ လုပ်ဆောင်မည် မဟုတ်သော အခြေအနေဖြင့် သီရိလင်္ကာရေပိုင်နက်ထဲ ဝင်ရောက်ခွင့် ရပြီးနောက်တွင် Yuan Wang 5 သင်္ဘောသည် အဆိုပါ ပင်လယ်နက်ဆိပ်ကမ်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ 

ယင်းသင်္ဘောသည် မူလက ပြီးခဲ့သည့် သီတင်းပတ်၌ ရောက်ရှိရမည် ဖြစ်သော်လည်း ဒေသတွင် တရုတ်၏ လှုပ်ရှားမှုများကို အမေရိကန်နည်းတူ စိုးရိမ်သော အိန္ဒိယ၏ ကန့်ကွက်ခြင်းကြောင့် သီရိလင်္ကာက တရုတ်အား ခရီးစဉ် ဆိုင်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

သို့ရာတွင် သည်းသည်းထန်ထန် ဆွေးနွေးကြပြီးနောက်တွင် သီရိလင်္ကာက အပြောင်းအလဲ ဆုံးဖြတ်ချက်ကို ကြေညာပြီး တောင်ပိုင်းဆိပ်ကမ်း၌ ယင်းသင်္ဘောအား ကမ်းကပ်ခွင့် ပေးပြီး လောင်စာဆီ ဖြည့်တင်းခြင်းနှင့် အခြား လိုအပ်ပစ္စည်းများ တင်ဆောင်ခြင်းအတွက် ခြောက်ရက်ကြာ ရှိနေမည်ဟု ပြောဆိုလာခဲ့သည်။ 

“ဒီ ဆိပ်ကမ်းကို အားလုံးသော အခြားသောနိုင်ငံတွေအတွက်ပါ ကျွန်တော်တို့က ခွင့်ပြုပေးထားတာ ဖြစ်တယ်”ဟု အစိုးရပြောခွင့်ရသူ ဘန်ဒူလာ ဂူနာဝါဒါနာက သတင်းထောက်များအား ပြောသည်။ “ဒီ အားလုံးသော တိုင်းပြည်တိုင်းဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်”ဟု ၎င်းက ဆိုသည်။ 

Yuan Wang 5 ၏ လာရောက်မှုသည် နှစ်နိုင်ငံကြားက ပုံမှန် အသွားအလာမျှသာဖြစ်သည်ဟု သီရိလင်္ကာဆိုင်ရာ တရုတ်သံအမတ်ကြီး ကျီ ကျန်ဟုံက ပြောသည်။ 

“တရုတ်နဲ့ သီရိလင်္ကာဟာ ပေါ်လွင်ထင်ရှားတဲ့ မိတ်ဘက်ဆက်ဆံရေးမှာ ရှိနေတာ ဖြစ်တယ်”ဟု သင်္ဘောအား ကြိုဆိုသည့် အခမ်းအနား၌ ၎င်းက သတင်းထောက်မျာအား ပြောခဲ့သည်။ 

သင်္ဘောအကဲဖြတ်ဝက်ဘ်ဆိုက်များ၏ ဖော်ပြချက်အရ Yuan Wang 5 သည် သုတေသနနှင့် တိုင်းတာရေး သင်္ဘောတစ်စင်းသာ ဖြစ်သည်ဟု ဖော်ပြထားသော်လည်း အိန္ဒိယမီဒီယာများကမူ ယင်းသင်္ဘောသည် နှစ်မျိုးစုံသုံး သူလျှိုသင်္ဘောဖြစ်သည်ဟု ဖော်ပြကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly