ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံသို့ လာမည်

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံသို့ လာမည်

ဩဂုတ်လ ၁၆ ရက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာ (Noeleen Heyzer) သည် ယနေ့ ဩဂုတ် ၁၆တွင် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းပြည်တွင် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ခွင့်ပြုရန် ကုလအထူးလုံခြုံရေးကောင်စီက ပြောကြားပြီးနောက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အထူးကိုယ်စားလှယ် နိုလင်းဟေဇာခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဝါရှင်တန်ပို့စ်က ဖော်ပြထားသည်။

“သူရဲ့ လုပ်ငန်းတာဝန်တွေကို အားလုံးလုပ်ဆောင်ပြီးတော့ အကြမ်းဖက်မှုများချက်ချင်းရပ်ဖို့နဲ့ လူသားချင်းစာတာထောက်ထားမှု အကူညီများအမြန်ဆုံးရောက်ရှိရန် အာရုံစိုက် ဆွေးနွေးပါလိမ့်မယ် ”ဟု ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဝါရှင်တန်ပို့စ်သို့ ပြောသည်။

နိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသူတစ်ဦးဖြစ်သည်။ အထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူချိန်တွင် မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သောခရီးစဉ်ဖြစ်သည်။

ယခုခရီးစဉ်တွင် စစ်ခေါင်းဆောင်များအပါအဝင် ကာလရှည်ကြာဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန်အစီအစဉ် ရှိ၊ မရှိကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိကြောင်း ဝါရှင်တန်ပို့စ်ကဖော်ပြသည်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာပြည်ကိုလာမည့် ခရီးစဉ်ရှိကြောင်း မေလအတွင်းက သတင်းများထွက်ပေါ်ခဲ့သေးသည်။

အထူးကိုယ်စားလှယ်နိုလင်းဟေဇာ၏ လာမည့် မြန်မာနိုင်ငံ ခရီးစဉ်ကို သတိထားပြီး စောင့်ကြည်နေကြောင်း NUGနိုင်ငံခြားရေးဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း NUG၏သတင်းများတင်ဆက်ပေးနေသည့် PVTVမီဒီယာ တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly