YPDF နှင့် JPGF ပြောက်ကျားတပ်ဖွဲ့ဝင် ၃ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဆိုသည်မှာ သတင်းအမှားဖြစ်

YPDF နှင့် JPGF ပြောက်ကျားတပ်ဖွဲ့ဝင် ၃ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဆိုသည်မှာ သတင်းအမှားဖြစ်

ဩဂုတ်လ ၁၆ ရက်

ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ရွာငံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) နှင့် ချိုးဖြူ ပြောက်ကျားတပ်ဖွဲ့ (JPGF)တို့ မှ သုံးဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟုဆိုသော သတင်းမှာ သတင်းအမှားဖြစ်ကြောင်း ရွာငံ YPDFနှင့် JPGF က ထုတ်ပြန်ထားသည်။

ရွာငံမြို့နယ်၊ တဲ့လုကျေးရွာဘက်သို့ စစ်ကောင်စီဘက်မှ စစ်ကား ခုနစ်စီး အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် သြဂုတ်လ ၁၄ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနှစ်၌ စစ်ကြောင်းထိုးလာကာ YPDFနှင့် JPGFမှ သုံးဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် Pindaya People's Voice Page က သတင်းအမှားဖြန့်ဝေခဲ့ကြောင်း YPDF နှင့် JPGF က သြဂုတ်လ ၁၅ ရက်နေ့တွင် အသိပေးပြန်လည်ထုတ်ပြန်ထားသည်။

''စစ်ကောင်စီဝါဒဖြန့်တဲ့ ပေ့ချ်က ရွာငံ PDFအလောင်း သုံးလောင်းနှင့် ပစ္စတို တစ်လက်၊ လက်နက်ငယ် နှစ်လက် သိမ်းဆည်း ရရှိခဲ့တယ်ဆိုပြီး ပုံနဲ့တင်ထားတယ်။ အဲဒီအလောင်းတွေက ကျွန်တော်တို့YPDF နဲ့ JPGF ကသူတွေ မဟုတ်ဘူးဆိုတာ အတည်ပြုနိုင်ပါတယ် ။ ကျွန်တော်တို့အဖွဲ့တွေ လုံခြုံစွာရှိနေပါတယ်။ ဘယ်အဖွဲ့ကလည်းဆိုတာ သေချာစုံစမ်းနေပါတယ်''ဟု YPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ ယခုကဲ့သို့ YPDF ရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု သတင်းအမှားဖြန့်ဝေခြင်းနှင့် ပတ်သက်ပြီး ''သူတို့က ပြည်သူတွေကိုအကြောက်တရားရိုက်သွင်းနေတာဗျ၊ တော်လှန်ရေးက အားကောင်းနေတော့ သူတို့ကျဆုံးနေပြီဆိုတော့ အဲ့ဒါကြောင့် ပြည်သူတွေစိတ်ညစ်အောင်၊ စိတ်ပျက်အားငယ်အောင်၊ ကြောက်လာအောင်ဆိုပြီး သတင်းလိမ်တွေဖြန့်နေတာပါဗျ။''ဟု YPDF ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

YPDF နှင့် JPGF ရဲဘော် များသည် ယခုအချိန်တွင် အထူးကွန်မန်ဒို ပြောက်ကျား သင်တန်းတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ်နေပြီး စုဖွဲ့မှုအသစ်ဖြင့် ပြန်လာနိုင်ရန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံစာ - ပုံ- Pindaya People’s Voice page မှ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများဟု ဖော်ပြထားသောပုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly