ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရေး တောင်းဆိုချက် မလေးရှား ထောက်ခံ

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရေး တောင်းဆိုချက် မလေးရှား ထောက်ခံ

 

ဩဂုတ်လ ၁၆ ရက်

မလေးရှားအနေဖြင့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်လျက် ရှိသလို မြန်မာနိုင်ငံတွင် သက်ဆိုင်ပတ်သက်သူအားလုံးနှင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်သော ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်ကို စတင်နိုင်ရန် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရေး တောင်းဆိုချက်ကို ထောက်ခံပါကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဩဂုတ် ၁၅ ရက်၌ တရားရုံးတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုဖြင့် နောက်ထပ် ထောင်ဒဏ် ခြောက်နှစ် ထပ်မံချမှတ်လိုက်ပြီးနောက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတူ ဆရီ ဆိုင်ဖူဒင် အဗ္ဗဒူလာက ဩဂုတ် ၁၆ ရက်တွင် တွစ်တာမှတစ်ဆင့် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဤမတိုင်မီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည်ဖြစ်ရာ ယခုနောက်ဆုံးစီရင်ချက်နှင့်ဆိုလျှင် ယခုအခါ သူမအပေါ် ချမှတ်ထားသည့် ထောင်ဒဏ်စုစုပေါင်းမှာ ၁၇ နှစ်အထိ ရှိသွားပြီဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်တာနဲ့ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူ လေးဦးကို မကြာသေးခင်က သေဒဏ်စီရင်ခဲ့တာတို့ကို ကြည့်မယ်ဆိုရင် မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာဖြည့်ဆည်းဖို့နဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ခိုင်မာပြီး အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်တွေကို ထပ်တလဲလဲ လျစ်လျူရှုနေခဲ့တယ်ဆိုတာကို ပြသနေပါတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

စစ်တပ် အာဏာသိမ်းထားသည့် နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံး ရုံးချိန်းများကို တံခါးပိတ် ကြားနာစစ်ဆေးလုပ်ဆောင်နေခဲ့သလို ရုံးထုတ်စစ်ဆေးမှု အခြေအနေများနှင့်ပတ်သက်၍ သူမ၏ ရှေ့နေများသည်လည်း မီဒီယာနှင့် စကားပြောခွင့် ပိတ်ပင်တားမြစ်ခံထားရသည်။

ယခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီ တရားရုံးက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို အဂတိမှု၊ ဆူပူလှုံ့ဆော်မှု၊ COVID-19 စည်းမျဉ်း ချိုးဖောက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားသည်။

မြန်မာနိုင်ငံတွင် တက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့မှုအပေါ် မလေးရှားက ဇူလိုင် ၂၆ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်ကို လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုတစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly