စက်သုံးဆီပြတ်လပ်သည်ဆိုသည်မှာ သတင်းမှားသာဖြစ်ပြီး အကန့်အသတ်ဖြင့်ရောင်းချပါက ဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီက ဆီဆိုင်များကို လိုက်ပြော

စက်သုံးဆီပြတ်လပ်သည်ဆိုသည်မှာ သတင်းမှားသာဖြစ်ပြီး အကန့်အသတ်ဖြင့်ရောင်းချပါက ဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီက ဆီဆိုင်များကို လိုက်ပြော

ဩဂုတ်လ ၁၆ ရက်

လက်ရှိထွက်ပေါ်နေသော စက်သုံးဆီပြတ်လပ်သည်ဆိုသော သတင်းများမှာ သတင်းအမှား သာဖြစ်ပြီး စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချပါက ဥပဒေအရအရေးယူမည်ဟု စစ်ကောင်စီက ပုသိမ်မြို့ပေါ်မှဆီဆိုင်များကို သြဂုတ်လ ၁၅ ရက်နေ့က လိုက်လံပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

စက်သုံးဆီအရောင်းဆိုင်များက ဆီပြတ်လပ်သည်ဟုပြောဆိုကာ ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့် အသတ်ဖြင့်ရောင်းချခြင်းများကို စစ်ဆေးတွေ့ရှိရပါက ဥပဒေအရအရေးယူသွားမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။

၎င်းအပြင် စစ်ကောင်စီ၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ နှင့် တင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီတို့က စက်သုံးဆီစျေးနှုန်း မှန်ကန်စွာ သုံးစွဲနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ဖြည့်တင်းမှုများ ကြပ်မတ်ကြိုးပမ်းဆောင် ရွက်နေသည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုသိမ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များအားလုံးသည် စစ်ကောင်စီကသတ်မှတ်ထားသည့်စျေးနှုန်း အတိုင်းသာ စက်သုံးဆီများကို နေ့စဥ်ရောင်းချနေရသည်။

စက်သုံးဆီဆိုင်ပိုင်ရှင်များထံတွင် စက်သုံးဆီများသိုလှောင်ထားသည်အထင်ဖြင့် စစ်ကောင်စီက ယခုကဲ့ သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

“ကျွန်တော်တို့က ဆီတွေကို အောင်းထားပြီး စျေးတက်မှ ထုတ်ရောင်းမယ်လို့ စစ်ကောင်စီကထင်နေတာ၊ သီလဝါက သုံးလေးရက်ကိုတစ်ခါ ဆီထုတ်ရောင်းပေးတယ်။ ဆိုင်တစ်ဆိုင်လိုချင်တဲ့ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်ရောင်းပေးတော့ လောက်ငှမှုဘယ်လိုမှမရှိနိုင်ဘူး။ လိုချင်သလောက် ရောင်း မပေးနိုင်ဘဲ အကန့်အသတ်နဲ့မရောင်းရဘူးဆိုတော့ ရှေ့လူတွေက အများကြီးဝယ်သွားရင် နောက်လူတွေ ကို ရောင်းဖို့ဆီမရှိတော့ဘူးပေါ့” ဟု ၎င်းကဆိုသည်။

စက်သုံးဆီဆိုင်များလိုအပ်သည့် ဆီပမာဏအတိုင်း ရောင်းချပေးနိုင်ခြင်းမရှိသည့်အတွက် အကန့် အသတ်ဖြင့် ရောင်းချခြင်းမပြုလုပ်ပါက စက်သုံးဆီလိုအပ်သည့် လူပမာဏ၏ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ဆီဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဆီဆိုင်ပိုင်ရှင်က ဆက်လက်ပြောသည်။

“ ဆီက လုံးဝကြီးပြတ်သွားမယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ အကန့်အသတ်နဲ့ ရနေတာဆိုတော့ ဆင်ပါးစပ် နှမ်းပက်သလိုဖြစ်နေတယ်။ အကန့်အသတ်နဲ့လည်းမရောင်းရဘူး ဆီဆိုင်လည်းပိတ်မထားရဘူးဆိုတော့ ရောင်းစရာဆီမရှိရင်တောင် ဆိုင်ဖွင့်ထားရမယ့်သဘောပဲ” ဟု ၎င်းကဆိုသည်။

ပုသိမ်မြို့တွင် ယနေ့ သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက 95 တစ်လီတာ ၂၄၈၀ ကျပ် ၊ 92 တစ်လီတာ ၂၄၀၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၇၀၀ ကျပ်မှ ၂၈၀၀ ကျပ်ဝန်းကျင်အထိ စျေးပေါက်နေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly