YUG နှင့်TPDF မှ ခေါင်းဆောင်များ ဖမ်းဆီးခံရ

YUG နှင့်TPDF မှ ခေါင်းဆောင်များ ဖမ်းဆီးခံရ

ဩဂုတ်လ ၁၆ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ရွှေ မြို့မရန်ကုန် ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသည့် YUG (ရွာငံမြို့ပြပြောက်ကျားအဖွဲ့) နှင့် TPDF (တောင်ကြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) မှ ခေါင်းဆောင်နှစ်ဦးသည် ယမန်နေ့ သြဂုတ်လ ၁၅ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံရကြောင်း ဒေသခံများထံက သိရသည်။

YUG နှင့် TPDF မှ ခေါင်းဆောင်များဖြစ်သည့် ကိုကျော်ခန့်နှင့် ကိုမြတ်မင်း တို့နှစ်ဦးသည် ကျန်းမာရေးမကောင်းသဖြင့် စစ်ရှောင်စခန်းရောက်ရှိနေခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ညောင်ရွှေ စစ်ဘေးရှောင်စခန်းကို လာရောက်စစ်ဆေးရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တောင်ကြီးဒေသခံများက ပြောကြားသည်။

“အခု အဖမ်းခံလိုက်ရတဲ့နှစ်ယောက်က နေမကောင်းလို့ စစ်ရှောင်တွေကြား ခဏ ရောက်နေတာပါ။ မနေ့ညက စစ်ရှောင်စခန်းမှာ သူတို့ဖုန်းကို စစ်တဲ့အချိန်မှာ ထွက်ပြေးလို့ လိုက်ဖမ်းတာမိသွားတယ်။ ညတွင်းချင်းပဲ တောင်ကြီးစစ်ကြောရေးကို ခေါ်သွားတယ်လို့သိရတယ်။ သူတို့အဖွဲ့နဲ့ ဆက်စပ်သူတွေရှောင်စေချင်ပါတယ်” ဟု တောင်ကြီး ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်ရွှေမြို့ကို ယခင်ကထက် ပိုမိုကြပ်မတ်၍ စောင့်ကြည့်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly