ဟားခါး - ထန်တလန်အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၅ယောက်သေဆုံး

ဟားခါး - ထန်တလန်အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၅ယောက်သေဆုံး

ဩဂုတ် ၁၂

မဇ္စျိမ ။ ။ ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီးမြစ်ချောင်း အောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် ၁၅ဦးသေဆုံးသွားကြောင်း ချင်းအမျိုးသားတပ်မတော်( CNA )ထံမှ သိရှိရသည်။

“သူတို့ နေရာယူထားတဲ့ဆီကို သွားတိုက်ခဲ့တာပါ၊ သူတို့ဘက်က အကျအဆုံးများပြီး လက်နက်နဲ့ ကျည်ဆံတစ်ချို့ သိမ်းဆည်းရမိပါတယ်၊ ကျနော်တို့ဘက်ကလည်း ဒဏ်ရာရသူအနည်းငယ်ရှိပါတယ်” ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကို ပြောသည်။

ဩဂုတ်လ ၁၅ရက် နံနက် ၁၁နာရီခန့်တွင် သီးမြစ်ချောင်း အောက်ဖက်ရှိ စစ်ကြောင်းရှိရာသို့ သွားရောက်တိုက််ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုများအပြင် စက်သေနတ်တစ်လက် ၊ MA သေနတ်တစ်လက် ၊ မော်တာဗုံးသီး နှစ်လုံးနှင့် ကျည်ဆံအချို့ သိမ်းဆည်းရမိကြောင်း ဆိုသည်။

ယင်းတိုက်ပွဲကို CNA အပါအဝင် CDF – Zophei , CDF – Hakha , CDF – Thantlang , CDF – Lautu နှင့် CJDC မှ ရဲဘော်များ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနေ့တွင်လည်း ဟားခါးမြို့သို့ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်း သုံးကြိမ် လာရောက်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဩဂုတ်လ ၁၄ရက် ည ၁၀နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွား နေသည့် နေရာအား ဂျက်တိုက်လေယာဉ် ဝဲကြည့်သွားသေးကြောင်း ဆိုသည်။

စစ်ကောင်စီတပ်များသည် ဟားခါး - ထန်တလန်အကြားရှိ သီးမြစ်ချောင်း တံတားအား ပြင်ဆင်ရန်ကြိုးစားနေပြီး ယင်းတံတားပြင်ဆင်နိုင်ပါက ထန်တလန်မြို့သို့ စစ်ကူနှင့် ထောက်ပို့လုပ်ငန်းများ အလျင်အပြန်လုပ်ဆောင်နိုင်မည့်အပြင် ထန်တလန်မြို့ နှင့် အနီးတစ်ဝိုက်ထိန်းချုပ်နိုင်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုအား ချေမှုန်းနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် ပျက်စီးနေသော သီးမြစ်တံတား ၏ အောက်ပိုင်းတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များသည် ၎င်းအောက်ဖက်မှ တစ်ဆင့် ဇိုဖေး နယ်သို့ဝင်ရောက်ကာ ထန်တလန်မြို့နယ်သို့ စိုးမိုးရန်ကြိုးစားနေခြင်း ဖြစ်ကြောင်း ဆလိုင်းထက်နီ က သုံးသပ်ပြောဆိုသည်။

သို့သော် ရာသီဥတုဆိုးရွားမှုနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ အပြင်းအထန် တိုက်ခိုက်နေမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲရှိနေပြီး ကျည် ၊ ရိက္ခာ ထပ်မံ ဖြည့်တင်းကာ ရှေ့သို့တက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ချင်းပြည်နယ်

#သီးမြစ်ချောင်း

#CNA

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required