နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခံရ၊ ထောင်ဒဏ် ၁၇ နှစ်ရှိပြီဖြစ်၊ အမှု ၉ မှု ကျန်ရှိနေသေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခံရ၊ ထောင်ဒဏ် ၁၇ နှစ်ရှိပြီဖြစ်၊ အမှု ၉ မှု ကျန်ရှိနေသေး

ဩဂုတ်လ ၁၅ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးက ယနေ့ ဩဂုတ် ၁၅ရက်နေ့တွင် အဂတိအမှု လေးမှုအတွက် စုစုပေါင်း ထောင်ဒဏ် ​ခြောက်နှစ်ထပ်မံ ချမှတ်လိုက်သည်။

စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးရဲထက်က တရားလိုပြုလုပ်ပြီး စွပ်စွဲထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ပတ်သတ်သည့် အဂတိအမှုလေးမှုတွင် အမှုသုံးမှုကို ​​ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကို တ​စ်ပေါင်းတည်းကျခံရန် အမိန့်ချခဲ့သည်။

အမှု သုံးခုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန် ဉတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ဒသမ ၃၃ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ဒသမ ၈၅၅ဧကကို လျှောက်ထားရယူသည့်ကိစ္စ၊ လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် တစ်ထပ်အဆောက်အဦးကို ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းသို့ ပြည်သူများလှူဒါန်း​ငွေဖြင့်ဆောက်လုပ်သည်ဆိုကာ စွပ်စွဲထားသည့် ကိစ္စတို့နှင့် ပတ်သတ်၍ အဂတိဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၆၀ရှိ မြေ ၁ ဒသမ ၈၆ဧကနှင့် အဆောက်အဦးငှားရမ်းသည့်ကိစ္စနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၅ဖြင့် စွဲဆိုထားသည့်အမှုအတွက် ​ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။

ထို့​ကြောင့် အမှု​လေးမှုအတွက် စုစု​ပေါင်း​​ထောင်ဒဏ် ​ခြောက်နှစ်ကျခံရမည်ဖြစ်သည်။ အမှုများကို အယူခံဆက်တက်မည်ဖြစ်​ကြောင်း နီးစပ်သူများက​ပြောသည်။

ယင်းအမှုများနှင့် ပတ်သတ်ပြီး "အပြစ်မရှိ"​ကြောင်း ​ဒေါ်​အောင်ဆန်းစုကြည်က ယခင်ရုံးချိန်းများတွင် ထွက်ဆိုထားသည်။

အဆိုပါ အဂတိအမှုများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းနှစ်မှု၊ ကျန်သည့်နှစ်မှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့လည်း ပူးတွဲစွဲဆိုခံထားရသည်။

ယ​နေ့အမိန့်ချမှတ်လိုက်သည့်အမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင် ပြစ်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်သည်။

အမှုတွဲများတွင် ပါဝင်စွပ်စွဲခံထားရသည့် ဒေါက်တာမျိုးအောင်မှာ အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ်၊ ဦးရဲမင်းဦးမှာ ထောင်ဒဏ် သုံးနှစ်နှင့် ဦးမင်းသူမှာ ထောင်ဒဏ်သုံးနှစ် စသည်ဖြင့်လည်း အသီးသီးချမှတ်ခံခဲ့ရသည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် သဘာဝ​ဘေးပုဒ်မ ၂၅ဖြင့် ၂မှု၊ ၅၀၅(ခ)၊ ပို့ကုန်၊ သွင်းကုန်ဥပ​ဒေပုဒ်မ ၈၊ ဆက်သွယ်​ရေးပုဒ်မ ၆၇၊ အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေပုဒ်မ ၅၅ ယင်းအမှုများအတွက် ​ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည်။

ထို့​ကြောင့် လက်ရှိအမှုများအပါအဝင် အမှု ၁၀မှု အတွက်​ထောင်ဒဏ် ၁၇ နှစ် ရှိသွားပြီဖြစ်သည်။ ယ​နေ့အမှုများကို မန္တ​လေးတိုင်း​ဒေသကြီးတရားလွှတ်​တော်တရားသူကြီး ဦးမြင့်စန်းကကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အ​ဆောက်အဦးတွင် တစ်ဦးတည်းဆက်လက်နေထိုင်နေရဦးမည်ဖြစ်ကာ အဂတိအမှု ခုနှစ်မှု အပါအဝင် အမှုပေါင်း ကိုးမှုဖြင့် ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly