တန်ဖိုးထားရသည့် မွေးနေ့လက်ဆောင် အမှတ်တရလက်စွပ်အား တော်လှန်ရေး အတွက် လှူဒါန်းလာသည့် သရုပ်ဆောင်မြတ်နိုးအေး

တန်ဖိုးထားရသည့် မွေးနေ့လက်ဆောင် အမှတ်တရလက်စွပ်အား တော်လှန်ရေး အတွက် လှူဒါန်းလာသည့် သရုပ်ဆောင်မြတ်နိုးအေး

ဩဂုတ်လ ၁၅ ရက်

သရုပ်ဆောင် မြတ်နိုးအေးက ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၂၆) နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ၎င်းတန်ဖိုးအထားရဆုံး အမှတ်တရပစ္စည်း လက်စွပ်ကိုမဲဖောက် ၍ ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်မြတ်နိုးအေးသည် ၎င်းတန်ဖိုးထားသည့် အဆိုပါလက်စွပ်ကို Project Dream အမည်ရှိ campaign တွင် ထည့်သွင်းမဲဖောက်၍ ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်း (၂၆)နှစ်ပြည့်မွေးနေ့တွင် ပြည်သူများကို အသိပေးကြေညာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတွင်တက်ကြွစွာပါဝင်ခဲ့သည့် သရုပ်ဆောင်မြတ်နိုးအေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာပြည်သူများ၏ ပျောက်ဆုံးခဲ့ရသည့် ဖက်ဒရယ်အိပ်မက်၊ ဘဝအိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် Project Dream အမည်ရှိ campaign ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“Project Dream မှာ ဆိုရင် မြတ်နိုး အသက်(၂၄)နှစ်ပြည့်မွေးနေ့တုန်းက လက်ဆောင်ရခဲ့တဲ့ ဒီလက်စွပ် လေးကို အခု အသက်(၂၆)နှစ်ပြည်တဲ့မွေးနေ့မှာ မြတ်နိုးရဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ပြန်ပြီးလှူပါ ရစေ။ ဒီလက်စွပ်လေးက တန်ဖိုးအနေနဲ့တော့ အများကြီးရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမယ့် မြတ်နိုးဖြတ် သန်းခဲ့တဲ့ကာလတစ်လျှောက်လုံး ဒီလက်စွပ်လေးရက တည်းကတစ်ခါမှမချွတ်ဘဲ ဝတ်ခဲ့တဲ့ပစ္စည်း ပေါ့ နော်။ ပြေးရင်းလွှားရင်း အဝတ်တစ်ထည်ကိုယ်တစ်ခုဖြစ်ခဲ့တဲ့ အချိန်မှာတောင် သူက အမြဲတမ်းပါခဲ့တဲ့ ပစ္စည်းလေးဆိုတော့ မြတ်နိုးအတွက် တန်ဖိုးထားရတယ်”ဟု သရုပ်ဆောင်မြတ်နိုးအေးက ဆိုသည်။

Project Dream Campaign ၏ မဲလက်မှတ်ကို တစ်စောင်လျှင် မြန်မာကျပ် ၁၅၀၀၀၊ ထိုင်းဘတ် ၃၀၀၊ စင်္ကာပူဒေါ်လာ ၁၅၊ ဩစတြေးလျဒေါ်လာ ၁၅ နှင့် ကန်ဒေါ်လာ ၁၀ ဟူ၍ အသီးသီး သတ်မှတ်ထားသည်။ အဆိုပါ Campaign ကို သရုပ်ဆောင် မြတ်နိုးအေးနှင့်အတူ We Are One တော်လှန်ရေးရန်ပုံငွေရှာဖွေ သည့်အဖွဲ့မှ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Project Dream Campaign ၏ ပထမဆုအဖြစ် မြတ်နိုးအေးပိုင်ဆိုင်သည့် လက်စွပ်ကိုရရှိမည်ဖြစ်ကာ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုနှင့် ပဉ္စမဆုများ စသည်ဖြင့် အသီးသီး စီစဉ်ထားကြောင်း သိရသည်။

“အခု မြတ်နိုးတို့ အားလုံးလုပ်နေတာတွေက တရားမျှတမှုရှိတဲ့ အမှန်တရား၊ လူသားတိုင်း ကိုယ်ပိုင်တဲ့ ကိုယ့်အခွင့်အရေး၊ ကိုယ်ပိုင်တဲ့ကိုယ့်ဘဝပြန်ရရေးအတွက်ကို လုပ်နေကြတာပါ။ အဲ့ဒီလိုပြန်ရရေး အတွက်ပဲ အားလုံးကကြိုးစားနေကြတာဖြစ်လို့ အကုန်လုံးစိတ်မလျော့လိုက်ကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်။ ဒီထက်ပိုပြီး ဝိုင်းကူဝိုင်းလှူကြဖို့ကိုလည်း ထပ်ပြီးတော့ မေတ္တာရပ်ခံပါရစေ”ဟု မြတ်နိုးအေးက ပြောကြားထားသည်။

ကံစမ်းမဲလက်မှတ်များကို ယနေ့ ဩဂုတ်လ ၁၅ ရက်မှစ၍ စက်တင်ဘာလ ၉ ရက်နေ့အထိရောင်းချသွား မည်ဖြစ်သည်။

သရုပ်ဆောင် မြတ်နိုးအေးသည် မြန်မာရုပ်ရှင်ပရိသတ်များကြား နာမည်ကျော်ခဲ့သည့် “ည” ရုပ်ရှင်နှင့် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်လမ်းတို့တွင် လူသိများခဲ့သူဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် follower ၆၀၀,၀၀၀ ကျော်ရှိသည့် အနုပညာရှင် တစ်ဦးဖြစ်သည်။

သို့သော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့သည့်အတွက် စစ်ကောင်စီက သရုပ်ဆောင် မြတ်နိုးအေးအား ပုဒ်မ ၅၀၅ (က) ဖမ်းဝရမ်းထုတ်ခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly