တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးတွဲလေတပ် စစ်ရေး လေ့ကျင့် 

တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးတွဲလေတပ် စစ်ရေး လေ့ကျင့် 

ဩဂုတ်လ ၁၅ ရက်

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တနင်္ဂနွေနေ့ ပူးတွဲ လေတပ်စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပြီး ယင်းသည် COVID-19 ကြောင့် ရပ်နားထားရပြီးနောက် နှစ်အတော်ကြာအတွင်း ပထမဆုံးပဲ ဖြစ်သည်။ 

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ခရီးစဉ်ကို လက်တုံ့ပြန်ပြီး ထိုင်ဝမ်ပတ်လည်၌ တရုတ်က အကြီးဆုံး စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ထားပြီးနောက်၌ ယခု Falcon Strike ဟုခေါ်သော ထိုင်းနှင့် ပူးပေါင်း လေတပ်စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခြင်း ဖြစ်သည်။ 

နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဩဂုတ် ၁၄ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သွားမည့် Falcon Strike စစ်ရေးလေ့ကျင့်မှုသည် တရုတ်နှင့် “ဆက်ဆံရေးနှင့် နားလည်မှု ပိုမို ခိုင်မြဲခြင်း” အဓိပ္ပာယ်ဖြစ်ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ပရာပတ် ဆွန်ချိုင်းဒီးက ပြောသည်။ 

ရောက်ရှိလာသော တရုတ်ကိုယ်စားပြုတပ်ဖွဲ့များတွင် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် လေကြောင်းချီ ကြိုတင်သတိပေး AEW လေယာဉ်များပါ ပါဝင်ကြောင်း ပေကျင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောသည်။ 

“ဝေဟင် ထောက်ကူမှု၊ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်မှုများနှင့် အသေးစား အကြီးစား တပ်ဖွဲ့ဝင်များ ဖြန့်ကြက်မှုများ” ယခု စစ်ရေးလေ့ကျင့်မှုများ၌ ပါဝင်မည်ဖြစ်ကြောင်း ယင်းက ဖြည့်စွက်ဆိုသည်။ 

ကပ်ဘေးမတိုင်မီက တရုတ်-ထိုင်း လေတပ်စစ်ရေးလေ့ကျင့်မှုများကို ၂၀၁၅ ခုနှစ်မှစတင်ကာ ပုံမှန်ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ 

ပစိဖိတ်ဒေသအတွင်း တရုတ်၏ ပိုင်နက်ပြုမှုများနှင့်ပတ်သက်ကာ စိုးရိမ်ပူပန်မှုများ မြင့်တက်ရကြောင်း အမေရိကန်က ဖော်ပြထားပြီး ၎င်း၏ မဟာမိတ်များနှင့်အတူ အင်ဒိုနီးရှားတွင် “Super Garuda Shield” စစ်ရေးလေ့ကျင့်မှုများကို ပြီးခဲ့သည့်သီတင်းပတ်က ပြုလုပ်ခဲ့သည်။ 

ထိုင်းနိုင်ငံသည် တရုတ်နှင့် စစ်ရေးဆိုင်ရာ ဆက်ဆံမှု ခိုင်မာရေးကို ကြိုးစားဖော်ဆောင်လျက်ရှိပြီး ၂၀၁၇ ခုနှစ်က ချုပ်ဆိုသော သဘောတူညီချက်တစ်ရပ်အရ တရုတ် ရေတပ် အကြီးစားစက်ပစ္စည်းများကို ဝယ်ယူသည့် ပထမဆုံးနိုင်ငံများတွင် ပါဝင်လာခဲ့သည်။ 

သို့ရာတွင် ပြည်သူများ၏ မကျေနပ်မှုများကြောင့် တရုတ်ထုတ် ရေငုပ်သင်္ဘောနှစ်စင်းအား အမေရိကန်ဒေါ်လာ ၇၂၄ သန်းဖြင့် ၂၀၂၀ ခုနှစ်အတွင်းက ဝယ်ယူမှု သဘောတူညီချက်သည် နှောင့်နှေးခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly