ကုန်ဈေးနှုန်းကြီးမြင့်မှုကို မြို့ပြပြောက်ကျားလူငယ်များ အလူးအလဲခံစားနေရ

ကုန်ဈေးနှုန်းကြီးမြင့်မှုကို မြို့ပြပြောက်ကျားလူငယ်များ အလူးအလဲခံစားနေရ

ဩဂုတ်လ ၁၅ ရက်

ကုန်ဈေးနှုန်းကြီးမြင့်မှုများ အကြားတွင် မြို့ပြပြောက်ကျားအဖွဲ့များအနေဖြင့် ခက်ခက်ခဲခဲရပ်တည် နေထိုင်နေရ ကြောင်း သိရသည်။

လတ်တလောတွင် ကုန်ဈေးနှုန်းကြီးမြင့်လာသည့်အတွက် နိုင်ငံအဝှမ်းရှိ မြို့ပေါ် သပိတ်အဖွဲ့ဝင်များ ၊စစ်ကောင်စီကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် နေထိုင်ရကျပ်တည်းလာကြောင်း မြို့ပြပြောက်ကျားလူငယ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

“အရင်လို စားစရာ ပိုပိုလျှံလျှံသိပ်မရှိတော့ဘဲနဲ့ ခေါက်ဆွဲခြောက်ကိုပဲ အားထားပြီး စားရင်းနေနေကြတဲ့လူတွေ အများကြီးပဲ” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ဆား၊ ငရုတ်၊ကြက်သွန် စသည်တို့သည် အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အဆပေါင်းများစွာ မြင့်တက်လျက်ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လျက်ရှိနေသည့်အတွက် သွားလာရေးအတွက် ခရီးစရိတ်များပါ မြင့်တက်လာသည်။ နေထိုင်ရသည့်နေရာများအလိုက်လည်း အိမ်ငှားရမ်းခစရိတ်များ မြင့်တက်လာနေကြောင်း မြို့ပြပြောက်ကျားများ ကို ကူညီပေးနေသူများထံမှ သိရှိရသည်။

“အကုန်လုံး‌တော့တက်တာမဟုတ်ဘူး၊ အချို့အိမ်တွေဆိုရင်တော့ အရင်ဈေးနဲ့မရတော့ဘူး” ဟု ပုံမှန်ထောက်ပို့လုပ်ပေးနေသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

အထူးသဖြင့် ရန်ကုန်၊မန္တလေးမြို့ကြီးများတွင် နေထိုင်စရိတ်များ ပိုမိုမြင့်မားလာသည့်အပြင် သယ်ယူပို့ဆောင်နှင့်သွားလာရေးများအတွက် ကုန်ကျစရိတ်များ ပိုမိုများလာသည်ဟု ရန်ကုန်တွင် သပိတ်တိုက်ပွဲဝင်နေသူများထံမှ သိရသည်။

“သွားရေးလာရေးမှာ အခက်အခဲကတော့ အခက်အခဲအတွေ့ဆုံးပေါ့။ တစ်ခါတလေ သွားလာစရိတ်နဲ့တင် အတော်ကုန်တယ်။” ဟု ရန်ကုန်တွင် သပိတ်တိုက်ပွဲများဆင်နွှဲနေသည့် ကိုဇော်ထက်က ပြောသည်။

မြို့ကြီးများတွင် နေထိုင်သည့် လူငယ်သုံးဦးခန့်သည် တစ်လလျှင် စစ်ကောင်စီကို တိုက်ခိုက်သည့် လက်နက်ခဲယမ်းတန်ဖိုးများမပါဝင်ဘဲ နေထိုင်စားသောက်မှု စရိတ်ပင်လျှင် အနည်းဆုံး သုံးသိန်းခွဲနှင့် လေးသိန်း ကြားကုန်ကျနေသည်။

လက်ရှိအချိန်တွင် ပြည်သူလူထုအနေဖြင့် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော စီးပွားရေးကျပ်တည်းမှုများ၊ အလုပ်ကိုင်အခွင့်အလမ်းရှားပါးမှုများ နှင့် ငွေကြေးမတည်မငြိမ်မှုများကို အလူးအလဲခံစားနေရသည်။

သို့သော်လည်း စစ်အာဏာရှင်စနစ် ကျရှုံးရေးအတွက် လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုများနှင့် အခြားတော်လှန်ရေးလုပ်ငန်းများ အတွက် ပြည်သူလူထုအနေဖြင့် များစွာထောက်ပံ့ကူညီကြလျက် ရှိနေကြသည်။

စစ်အာဏာသိမ်းပြီးနောက် ငွေကြေးထောက်ပံ့မှုများသည် ယခင်ကကဲ့သို့ ရှိနေသော်လည်း ငွေကြေးတန်ဖိုးကျဆင်းခြင်းကြောင့် မလောက်မငှဖြစ်ကြရသည်ဟု ဆိုသည်။

ထို့ကြောင့် အချို့ မြို့ပြ ပြောက်ကျားလူငယ်များဆိုလျှင် အလုပ်ထွက်လုပ်ပြီး ကိုယ်တိုင်ဝင်ငွေရှာဖွေကာ နေထိုင်မှုများအတွက်ဖြေရှင်းနေကြရသည်ဟုဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံစာ - မြို့ပြသပိတ်တစ်ခုကိုတွေ့မြင်ရစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly