မြိတ်တွင် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ တစ်ပိဿာကို ကျပ် ၄,၀၀၀ နီးပါးဖြင့် လှည့်လည် ရောင်းချပေး

မြိတ်တွင် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ တစ်ပိဿာကို ကျပ် ၄,၀၀၀ နီးပါးဖြင့် လှည့်လည် ရောင်းချပေး

ဩဂုတ်လ ၁၅ ရက်

တနင်္သာရီတိုင်း မြိတ်မြို့ပေါ်တွင် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စျေးနှုန်း မြင့်တက် နေသည့် စားသုံးဆီ တစ်ပိဿာ ကို ကျပ် ၄,၀၀၀ နီးပါးဖြင့် ခရိုင်ဆီလုပ်ငန်းရှင်များ အသင်းမှ စျေးကားနှင့် လှည့်လည် ရောင်းချပေးနေကြောင်း မြို့ခံများထံမှ သိရသည်။

မြိတ်မြို့တွင် အခြေခံ စားသောက်ကုန်များအနက် စားသုံးဆီသည်လည်း စျေးနှုန်း အဆမတန် မြင့်တက်နေရာမှ လက်ရှိတွင် ဆီတစ်ပိဿာကို ပြင်ပ ပေါက်စျေး ကျပ် ၉,၀၀၀ ကျော် အထိ ပေါက်စျေးရှိနေသည်ဟု ဒေသခံ တစ်ဦးက ပြော သည်။

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းလမ်းမကြီးနေ ဒေသခံ အိမ်ရှင်မ တစ်ဦးက“စားဆီမှ မဟုတ်ပါဘူး၊ အကုန်လုံးနီးပါးကို စားသောက်ကုန်တွေ စျေးတက်နေတာပါ၊ စစ်တပ် ပြန်အုပ်ချုပ်မှပဲ စားဆီက အစ ပြန်တန်းစီ ဝယ်ယူနေရတဲ့ ခေတ်ကို ပြန်ရောက် နေတယ်”ဟု ပြော သည်။

လက်ရှိတွင် မြိတ်ခရိုင် ဆီလုပ်ငန်းရှင်များအသင်းမှ မြိတ်မြို့ပေါ်ရှိ ရပ်ကွက် တချို့တွင် ဆီ တစ်ပိဿာကို ကျပ် ၃,၉၅၀ ဖြင့် လှည့်လည် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

အသင်းအနေဖြင့် စားသုံးဆီ တစ်ပိဿာကို ကျပ် ၃,၉၅၀ ဖြင့် လှည့်လည် ရောင်းချပေးနေသော်လည်း ပြင်ပပေါက်စျေးတွင် ဆီ အမျိုးအစားလိုက် ဈေးကွာဟမှုရှိနေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly