မတ္တရာမြို့နယ်တွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ဗိုလ်အပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရ

မတ္တရာမြို့နယ်တွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ဗိုလ်အပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရ

ဩဂုတ် ၁၅

ချင်းမိုင်(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ် ခြေလျင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်အပါအဝင်လေးဦးသေဆုံးကာ သုံးဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း မတ္တရာမြို့နယ်အခြေစိုက် မြေအောက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့်နတ်ဆိုးအဖွဲ့က ယနေ့ ဩဂုတ် လ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၈နာရီ ၅ မိနစ်က အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်၏ ခြေလျင် စစ်ကြောင်းကို မတ္တရာမြို့အရှေ့ဘက် ငါးမိုင်အကွာရှိ တောင်ကန်ကျေးရွာနှင့် မြှောင်းဦးရွာချင်းဆက် တံတားအဆင်းတွင် နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ပဒေသာမိုင်းလေးလုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒေသခံတွေရဲ့ ထော်လာဂျီနှစ်စီးကို ချောဆွဲလာတာ။ အဲ့ဒီနှစ်စီးက ဒေသခံတွေလည်းပါတော့ အနောက် က ခြေလျင်ပါလာတဲ့ ၁၅ ယောက်လောက် မိုင်းကွင်းထဲရောက်လာချိန်မှာ ဆွဲလိုက်တာ။ သူတို့ ငါးမိနစ် လောက်နေမှ ပြန်ပစ်နိုင်တယ် တစ်ပွင့်နဲ့ဗိုလ်အပါအဝင် လေးယောက်သေသွားတယ်။ သုံးယောက်က ပြင်းထန် ဒဏ်ရာရသွားတယ်။ ကားနဲ့သယ်သွားတယ်လို့ မြေပြင်သတင်းရတယ်" ဟု နတ်ဆိုးအဖွဲ့ တာဝန်ခံဗိုလ်နတ်ဆိုးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် ငါးမိနစ်ကျော် ရမ်းသန်းပစ်ခတ်ခဲ့ပြီး နတ်ဆိုး တပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်သည် မြှောင်းဦးကျေးရွာနှင့်ကပ်လျှက်ရှိ ကင်းကျေးရွာဘုန်းကြီးကျောင်း အတွင်းတပ်စွဲထားပြီး လက်ရှိအချိန်တွင် ရွာအပြင်သို့ထွက်လာသည့်အခြေအနေမရှိသေးဘဲ ကင်းပုန်းများ ချထားကြောင်း သိရသည်။

နတ်ဆိုးအဖွဲ့အနေဖြင့် နောက်ပိုင်း တိုက်ခိုက်မှုလုပ်ဆောင်ရာတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် အပြန် အလှန်ပစ်ခတ်ကာ တိုက်ပွဲဖော်ဆောင်မှုများကိုပါ လုပ်ဆောင်သွားမည် ဟုဆိုသည်။

နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)သည် စစ်ကောင်စီနှင့်ပတ်သက်သမျှကို အပြင်းအထန်တွန်း လှန်တိုက်ထုတ်နေ၍ စစ်ကောင်စီတပ်သားများအနေဖြင့်ပြည်သူ့ ရင်ခွင်သို့အေးချမ်းစွာခိုလှုံကြရန် သတိပေး ထာသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ စောဖေ

#မန္တလေး

#မတ္တရာမြို့

#စစ်ကောင်စီတပ်

#မိုင်းဆွဲတိုက်ခိုက်

#၄ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly