တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ရောက်ရှိ

တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ရောက်ရှိ

ဩဂုတ် ၁၅

အမေရိကန် လွှတ်တော်အမတ်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဩဂုတ် ၁၄ ရက်က ထိုင်ဝမ်သို့ နှစ်ရက်တာ ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ကြပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံသွားကြမည် ဖြစ်သည်။ ယင်းသည် ထိုင်ဝမ်ကျွန်း၏ အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် စစ်ရေးဆိုင်ရာ တင်းမာမှုများ ဆက်လက် မြင့်တက်နေစဉ် အမေရိကန်၏ ဒုတိယမြောက် အဆင့်မြင့်လယ်ဗယ် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ထိုင်ဝမ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဤမတိုင်မီက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ယခုလထဲ ထိုင်ဝမ်ခရီးစဉ် လာရောက်ခဲ့မှုကြောင့် တရုတ်က အမျက်ဒေါသအကြီးအကျယ် ထွက်ခဲ့ပြီး ထိုင်ဝမ်ကျွန်း ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ထားခဲ့သည်။ ဒီမိုကရေစီစနစ် ကျင့်သုံးပြီး ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကို တရုတ်က ယင်းပိုင် နယ်မြေအဖြစ် ရှုမြင်သည်။

ယခု အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် ဆိနိတ်တာ အက်ဒ် မာ့ကေး ဦးဆောင်ပြီး အခြား လွှတ်တော်အမတ်လေးဦးလည်း လိုက်ပါလာကြောင်းနှင့် အင်ဒို-ပစိဖိတ်ဒေသ ခရီးစဉ်တစ်ခု၏ တစ်စိတ်တစ်ဒေသအဖြစ် ထိုင်ဝမ်ကို ဝင်လာခဲ့ခြင်း ဖြစ်ကြောင်း တိုင်ပေရှိ တရားဝင် အမည်မခံသော အမေရိကန်သံရုံးက ပြောသည်။

အဆိုပါ အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၅ ရက်တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတရုံးက ပြောသည်။

“အထူးသဖြင့် တရုတ်က စစ်ရေး လေ့ကျင့်မှုတွေ လုပ်ရင်း ထိုင်ဝမ် ရေလက်ကြားနဲ့ ဒေသမှာ တင်းမာမှုတွေကို မြင့်တက်စေလျက် ရှိတဲ့အချိန်ကာလတစ်ခုမှာ မာ့ကေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခု ထိုင်ဝမ်ကို လာရောက်တာကတော့ ထိုင်ဝမ်အပေါ် အမေရိကန် ကွန်ဂရက်ရဲ့ ခိုင်မာတဲ့ အားပေးထောက်ခံမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်တာပဲ ဖြစ်တယ်” ဟု ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားသည်။

အမေရိကန် လေတပ် ပို့ဆောင်ရေး လေယာဉ်တစ်စင်းဖြင့် တိုင်ပေ မြို့လယ် ဆုန်ရှန်း လေဆိပ်သို့ ရောက်လာသော အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်လေးဦး၏ ဓာတ်ပုံများကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သလို တစ်ချိန်တည်းမှာပင် ဆိနိတ်တာ မာ့ကေးကလည်း ထောင်ယွမ် နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

“အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး၊ ဒေသတွင်း လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်၊ ရာသီဥတု ပြောင်းလဲမှုနဲ့ အပြန်အလှန် စိတ်ဝင်စားတဲ့ အခြားအရေးပါတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ဟာ အကြီးတန်းထိုင်ဝမ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်တယ်” ဟု အမေရိကန်သံရုံးက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly