စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံနေရသည့် ပါကစ္စတန်က ဒေါ်လာသန်းချီ သက်သာသော်လည်း ရုရှား၏ ဂျုံရောင်းမည့် ကမ်းလှမ်းချက်ကို ငြင်းဆန်

By ANI
14 August 2022
စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံနေရသည့် ပါကစ္စတန်က ဒေါ်လာသန်းချီ သက်သာသော်လည်း ရုရှား၏ ဂျုံရောင်းမည့် ကမ်းလှမ်းချက်ကို ငြင်းဆန်

စားနပ်ရိက္ခာနှင့် ကြွေးမြီအကျပ်အတည်းနှင့် ကြုံနေရသည့် ပါကစ္စတန်သည် မက်ထရစ်တန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၉ ဒသမ ၅၀ ဈေးနှုန်းဖြင့် ဂျုံမက်ထရစ်တန် ၁၂၀၀၀၀ ရောင်းချပေးမည့် ရုရှား၏ ကမ်းလှမ်းချက်ကို ငြင်းဆန်ရန် စဉ်းစားလျက် ရှိသည်။ နိုင်ငံအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း သက်သာရာရစေနိုင်ရန် ပါကစ္စတန်တာဝန်ရှိသူတို့က ထိုကဲ့သို့ စဉ်းစားနေခြင်း ဖြစ်သည်။

ကမ္ဘာ့ ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းနေမှုကြောင့် ဂျုံဈေးနှုန်းကို နောက်ထပ် ၂ ဒသမ ၄ ရာခိုင်နှုန်း ထပ်မံ လျှော့ချပေးရန် ပါကစ္စတန်က ရုရှားကို တောင်းဆိုခဲ့သည်ဟု The Tribune Express က ဖော်ပြသည်။

သို့သော် ရုရှားသည် အစိုးရချင်း သဘောတူညီချက်အောက်တွင် ဂျုံ မက်ထရစ်တန် တစ်တန်လျှင် ရူပီး ၃၉၉ ဒသမ ၅၀ နှုန်းဖြင့်သာ ရောင်းချပေးနိုင်မည်ဟု နောက်ဆုံးကမ်းလှမ်းချက်ကို ပြုလုပ်ခဲ့သည်။

ပါကစ္စတန်တွင် ရက်ပေါင်း ၁၆၈ ရက်စာ စားသုံးနိုင်ရန် လုံလောက်သည့် ဂျုံ မက်ထရစ်တန်ချိန် ၇ ဒသမ ၇ သန်းခန့် ရှိနေကြောင်း စားနပ်ရိက္ခာနှင့် အမျိုးသားလုံခြုံရေး ဝန်ကြီးဌာနက ပြောသည်။

ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်က သဘာပတိအဖြစ် ဦးဆောင်ပြုလုပ်ခဲ့သည့် ပါကစ္စတန်အစိုးရအဖွဲ့၏ စီးပွားရေး ချိတ်ဆက်ညှိနှိုင်းမှု ကော်မတီ (ECC) က ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ရုရှား ဂျုံကမ်းလှမ်းချက်နှင့်ပတ်သက်ပြီး အထက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း The Tribune Express က ဖော်ပြသည်။

ဂျုံ ဈေးနှုန်းက အကျဘက်သို့ သွားနေပြီး လာမည့်ရက်များတွင် ထပ်မံ ဈေးကျနိုင်သေးသည်ဟု ကော်မတီက လေ့လာသုံးသပ်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly