အာဖဂန်မိန်းကလေးစာသင်ကျောင်းများ ပိတ်ရန် ပါကစ္စတန်က ညွှန်ကြားခဲ့ကြောင်း အာဖဂန်သမ္မတဟောင်း ပြော

By Afghanistan Times
14 August 2022
အာဖဂန်မိန်းကလေးစာသင်ကျောင်းများ ပိတ်ရန် ပါကစ္စတန်က ညွှန်ကြားခဲ့ကြောင်း အာဖဂန်သမ္မတဟောင်း ပြော

အာဖဂန်မိန်းကလေးများ ကျောင်းတက်ခြင်းအပေါ် ပိတ်ပင်သည့် တာလီဘန်၏ မူဝါဒသည် အစ္စလာမ္မစ် ဥပဒေနှင့်အညီ ဆိုသည်ထက် ပါကစ္စတန်၏ ညွှန်ကြားချက်များအရ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အာဖဂန်သမ္မတဟောင်း ဟာမစ် ကာဇိုင်းက ဂျာမနီမဂ္ဂဇင်း Spiegel နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

ပါကစ္စတန်သည် အာဖဂန်မိန်းကလေးများ၏ စာသင်ကျောင်းများကို ပိတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဟာမစ် ကာဇိုင်းက ပြောသည်။ တာလီဘန်တို့အနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း အာဖဂန်ပြည်သူတို့၏ ပြီးမြောက်အောင်မြင်ထားမှုများကို ဖျောက်ဖျက်၍ မရနိုင်ကြောင်း ဟာမစ် ကာဇိုင်းက ဂျာမနီမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောသည်။

မိန်းကလေးများကို ကျောင်းတက်ခွင့် ပိတ်ပင်ခြင်းက ဆင်းရဲနွမ်းပါးသော အာဖဂန်နစ္စတန်ကို အထီးကျန်စေပြီး မိမိဘာသာ ရပ်တည်နိုင်စွမ်း မရှိသည့် အခြေအနေကို ရောက်ရှိစေလိမ့်မည်ဟု ကာဇိုင်းက ပြောခဲ့သည်။

“ပါကစ္စတန်၏ ရည်မှန်းချက်က ၎င်းတို့နိုင်ငံအတွက် ပြဿနာ တစ်စုံတစ်ရာ မဖြစ်စေမည့် အကာအကွယ်မဲ့၊ အားနည်း၊ ဆင်းရဲသော အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်စေရေး ဖြစ်သည်” ဟု ကာဇိုင်းက ပြောသည်။

တာလီဘန် တာဝန်ရှိသူများကလည်း ၎င်းတို့အနေဖြင့် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုးပမ်းမှုများ လုပ်ဆောင်နေသည်ဟု ပြောသည်။ နိုင်ငံတွင် မိန်းကလေးများအတွက် အလယ်တန်းနှင့် အထက်တန်း ကျောင်းများ ပြန်ဖွင့်ပေးရန် တာလီဘန်ခေါင်းဆောင်ပိုင်းအကြား ဆက်လက် ဆွေးနွေးနေကြောင်း တာလီဘန် တာဝန်ရှိသူတို့က ပြောသည်။ သို့သော် ၎င်းတို့အနေဖြင့် မိန်းကလေးများ၏ ပညာသင်ခွင့်အပေါ် မည်သည့် အတွက်ကြောင့် ပိတ်ပင်ထားခဲ့ရသလဲဆိုသည်ကို တရားဝင် ထုတ်ဖော်ခြင်း မရှိခဲ့ပေ။

တာလီဘန်အရာရှိအချို့သည် မိန်းကလေးများ၏ စာသင်ကျောင်းများ ပြန်ဖွင့်ရန် ထောက်ခံအားပေးကြောင်း ကာဇိုင်းက ပြောသည်။

“သန်းချီတဲ့ ယောကျ်ားလေး၊ မိန်းကလေးတွေဟာ ပညာရေးကို သင်ယူထားနိုင်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်ရဲ့ လူ့အဖွဲ့အစည်းဟာ ပြောင်းလဲဖြစ်ပေါ်ထားခဲ့ပါတယ်။ သူတို့ဟာ မီဒီယာလွတ်လပ်ခွင့်ကိုလည်း ရထားခဲ့ ဖူးပါတယ်” ဟု ၎င်းက ပြောသည်။ “တာလီဘန်တွေတောင်မှ အာဖဂန်ပြည်သူတွေဆီကနေ အဲဒီတိုးတက်မှု အခြေအနေတွေကို အလွယ်တကူ ပြန်ဖျောက်ဖျက်လို့ မရနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

၂၀၀၁ ခုနှစ်က အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များက တာလီဘန်တို့ကို ဖြုတ်ချခဲ့ပြီးနောက် ဟာမစ် ကာဇိုင်းသည် အာဖဂန်နစ္စတန်သမ္မတအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly