ဟက်ကာတစ်ဦးက ကိုဗစ်အက်ပလီကေးရှင်အသုံးပြုသူ ၄၈ သန်း၏ အချက်အလက်များကို ရောင်းချရန် ကမ်းလှမ်း

ဟက်ကာတစ်ဦးက ကိုဗစ်အက်ပလီကေးရှင်အသုံးပြုသူ ၄၈ သန်း၏ အချက်အလက်များကို ရောင်းချရန် ကမ်းလှမ်း

ဟက်ကာတစ်ဦးသည် ရှန်ဟိုင်းမြို့၌ အသုံးပြုသော ကိုဗစ်ကျန်းမာရေးကုဒ်စနစ် မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုသူ ၄၈ ဒသမ ၅ သန်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရရှိထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး တစ်လကျော်အတွင်း ရှန်ဟိုင်း၌ အများပြည်သူဆိုင်ရာအချက်အလက်များ ဒုတိယအကြိမ် ချိုးဖောက်ခံရမှုပင် ဖြစ်သည်။

XJP အမည်ရှိ ဟက်ကာက ဟက်ကာများ၏ဖိုရမ်ဖြစ်သည့် Breach Forums တွင် ထိုဒေသတာများကို အမေရိကန်ဒေါ်လာ ၄ ၀၀၀ ဖြင့်ရောင်းချရန် ဩဂုတ် ၁၀ ရက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဟက်ကာက လူ ၄၇ ဦး၏ ဖုန်းနံပါတ်များ၊ အမည်များနှင့် တရုတ်မှတ်ပုံတင်နံပါတ်များနှင့် ကျန်းမာရေး အခြေအနေများပါဝင်သော အချက်အလက်နမူနာကိုလည်း ချပြခဲ့သည်။

“ဆူအီရှန်မားဟုခေါ်သော ကျန်းမာရေးကုဒ်စနစ်ကို စသုံးကတည်းက ရှန်ဟိုင်းမှာနေတဲ့သူ ဒါမှမဟုတ် အလည်လာတဲ့သူတွေတိုင်းရဲ့ အချက်အလက်တွေ ပါပါတယ်” ဟု အမေရိကန်ဒေါ်လာ ၄ ၈၅၀ ဖြင့် ဈေးစခေါ်ခဲ့သည့် XJP က ပြောသည်။

ဆူအီရှန်မားသည် ရှန်ဟိုင်းကျန်းမာရေးကုဒ်စနစ်အတွက် တရုတ်အမည်ဖြစ်ပြီး လူဦးရေ ၂၅ သန်းခန့်ရှိသော ရှန်ဟိုင်းသည် တရုတ်ရှိ တခြားမြို့များကဲ့သို့ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို တိုက်ဖျက်ရန် ၂၀၂၀ ပြည့်နှစ် အစောပိုင်းက ၎င်းအက်ပလီကေးရှင်းကို အသုံးပြုခဲ့သည်။ ဒေသခံရော လာရောက်လည်ပတ်သူအားလုံး အဆိုပါအက်ပလီ ကေးရှင်းကို သုံးရသည်။

၎င်းအက်ပ်သည် လူများအား ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို ညွှန်ပြသော အနီရောင်၊ အဝါ သို့မဟုတ် အစိမ်းရောင် အဆင့်သတ်မှတ်ပေးရန် ခရီးသွားအချက်အလက်များကို စုဆောင်းပြီး အသုံးပြုသူများက အများသူငှာ နေရာများ သို့ ဝင်ရောက်ရန် ၎င်းကုဒ်ကို ပြသရသည်။

ပြီးခဲ့သည့်လ အစောပိုင်းကလည်း ဟက်ကာတစ်ဦးက ၎င်းတို့သည် ရှန်ဟိုင်းရဲတပ်ဖွဲ့ထံမှ တရုတ်နိုင်ငံသား ၁ ဘီလီယံ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ပမာဏ ၂၃ တက်ထရာဘိုက်ကို ရယူထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

အဆိုပါဟက်ကာကလည်း ဒေတာများကို ရောင်းရန် Breach Forums ပလက်ဖောင်းတွင် ကမ်းလှမ်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly