ရှင်ကျန်းဒေခံများ ကိုဗစ်အသွားအလာပိတ်ဆို့မှုချိုးဖောက်ပါက ၃ ပတ်ကြာ ထိန်းသိမ်းခံရမည်ဟု သတိပေးထား

ရှင်ကျန်းဒေခံများ ကိုဗစ်အသွားအလာပိတ်ဆို့မှုချိုးဖောက်ပါက ၃ ပတ်ကြာ ထိန်းသိမ်းခံရမည်ဟု သတိပေးထား

ရှင်ကျန်းဒေသ၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန်တွင် အာဏာပိုင်များက အသွားအလာ ကန့်သတ်ချက် စည်းမျဉ်းချိုးဖောက်သူများကို သီတင်း ၃ ပတ်ကြာသည်အထိ ထိန်းသိမ်းမည်ဟု ခြိမ်းခြောက်နေကြောင်း သတင်းရင်းမြစ်များက RFA သို့ ပြောသည်။

ရှင်ကျန်းသည် တင်းကျပ်သောအသွားအလာပိတ်ဆို့မှုများကို ဖြစ်ပေါ်စေသော ရောဂါဖြစ်ပွားမှုအသစ်ကို ဆက်လက်ရင်ဆိုင်နေရချိန်တွင် အာဏာပိုင်များက ရောဂါလက္ခဏာမပြသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၁၀ ဦး တွေ့ရှိကြောင်းနှင့် စုစုပေါင်း ၁ ၇၂၇ ဦးရှိပြီဖြစ်ကြောင်း ဩဂုတ် ၁၂ ရက်က ကြေညာခဲ့သည်။

ပြည်သူများ နေအိမ်အတွင်းမှ မထွက်စေရန် အာဏာပိုင်များက လမ်းများအတွင်းကင်းလှည့်လျက်ရှိပြီး ထွက်ပါက သီတင်း ၃ ပတ်အထိ ထိန်းသိမ်းမည်ဖြစ်ကြောင်း ဒေသခံများအား သတိပေးနေသည်ဟု ကော်ဂါကောင်တီ လန်ဂါမြို့ရှိ ယန်ဂျာဗက်ရွာမှ ဆယ်အိမ်မှူးတစ်ဦးက RFA သို့ ပြောသည်။

“စည်းမျဉ်းချိုးဖောက်တဲ့သူ လမ်းမပေါ်ထွက်တဲ့သူကို အပြစ်ပေးပြီး ပြန်လည်ပညာပေးရေးစခန်းကို ၁၅ ရက်၊ ရက် ၂၀ လောက်ပို့မယ်လို့ ဒေသခံတွေကို အသိပေးထားပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

ကျေးရွာအမျိုးသမီးကော်မတီခေါင်းဆောင်တစ်ဦးက “အာဏာပိုင်တွေက ဒေသခံတွေကို ဆေးတွေ ဝေသွားပါတယ်။ ဆေးတွေက နို့နှစ်ရောင်တွေပါ။ ရောဂါကာကွယ်တယ်လို့တော့ ပြောတာပဲ” ဟု ဆိုသည်။

ယခုသီတင်းပတ်အစောပိုင်းက အာဏာပိုင်များသည် အူရမ်ကီ၊ ဂူဂျာ၊ အက်စု၊ကူမူလ်၊ ချိုချက်၊ ဘော်တာလာ နှင့်ကက်ရှ်ဂါစသည့်မြို့များမှာ ဒေသခံများကို အသွားအလာကန့်သတ်ရန် ညွှန်ကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

ကူးစက်မှုအသစ်များသည် ကန်းစုပြည်နယ်မှ တရုတ်ခရီးသွားများကြောင့်ဖြစ်သည်ဟု ယူဆရပြီး ဂူဂျာမြို့ရှိ အူချန်ဒန်ဂန်ရွာတွင် ပထမဆုံးကူးစက်မှု တွေ့ရှိခဲ့ကြောင်း အရပ်ဖက်အရာရှိတစ်ဦးက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly