မြန်မာ့အရေးတွင် လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အတွက် NUG ၏ စီစဉ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ

By ဂျာမုန်း/မဇ္ဈိမ
14 August 2022
မြန်မာ့အရေးတွင် လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အတွက် NUG ၏ စီစဉ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ

ကော်သူးလေ (မဇ္ဈိမ)။     ။ NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားကို ၂၀၂၂ ခုနှစ်၏ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်ဖြစ်သည့် "မျိုးဆက်အချင်းချင်းစည်းလုံးခြင်းဖြင့်သက်ရွယ်စုံကမ္ဘာတစ်ခုတည်ဆောက်စို့" ခေါင်းစဉ် အောက်တွင် ရည်ရွယ်ချက် သုံးရပ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

 

“အခုလိုမျိုး ကျင်းပတဲ့ရည်ရွယ်ချက်က ဒီနှစ်နိုင်ငံတကာဆောင်ပုဒ်နဲ့ပတ်သက်ပြီး လူငယ်တွေပိုပြီး သိမြင်စေဖို့၊ ကမ္ဘာက ဘယ်လိုမျိုး ဦးတည်ချက်နဲ့သွားနေလဲ ဆိုတာမြင်ဖို့ပါ။ ဒုတိယအချက်က ဒီလိုရင်နှီးကျွမ်းဝင်ခြင်းအားဖြင့် ကိုယ့်ရဲ့ဒေသမှာ ဘယ်လိုလက်တွေ့ အကောင်အထည်ဖော်သွားနိုင်မလဲဆိုတာ စဉ်းစားမိစေဖို့ပါ။ ကိုယ့်ဒေသမှာရှိတဲ့ လူငယ်တွေအနေနဲ့ အခုလို တွေ့ဆုံပြီး အချင်းချင်း သိကျွမ်းဖို့ ရည်ရွယ်ချက်နဲ့ လူငယ်တွေကိုယ်တိုင်ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်” ဟု လူမှုတရားမျှတရေး တက်ကြွလှုပ်ရှားသူ အက်စတာဇေနောက မဇ္ဈိမကိုပြောသည်။

 

အဖွင့်အမှာစကားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက Video Conferencing (အွန်လိုင်းရုပ်သံစနစ်)ဖြင့် ပြောကြားခဲ့ပြီး အထူးမိန့်ခွန်းကို အက်စတာဇေနောက အပိုင်းသုံးပိုင်းခွဲ၍ ပြောကြားခဲ့သည်။

 

အပိုင်း သုံးပိုင်းခွဲပြောကြားရာ၌ ပထမပိုင်းတွင် လူငယ်များနေ့ခေါင်းစဉ်နှင့် နောက်ခံအကြောင်း အရာများကို ရှင်းလင်းပြောကြားခြင်း၊ ဒုတိယပိုင်းတွင် လက်ရှိ မြန်မာနိုင်ငံရေးတွင် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် တော်လှန်ကာလ၊ ကြားကာလ၊ အသွင်ကူးပြောင်းရေး ကာလများတွင် လူငယ်များ ဆက်လက် အားကောင်းစွာ ပါဝင်ရေးတို့ကို လူငယ်များအတွက် မျှဝေပေးခဲ့သည်။

 

တတိယပိုင်းတွင်မူ လူကြီးများအနေဖြင့် လူငယ်များ၏ ပါဝင်မှုကို ကဏ္ဍအသီးသီးတွင် မြှင့်တင် တွဲခေါ်ပေးရေး၊ လူငယ်များ၏ တွေးခေါ်နိုင်စွမ်းနှင့် ပါဝင်နိုင်မှုအပေါ် အသက်အရွယ်အရ ကန့်သတ်မထားဘဲ အသိအမှတ်ပြုရေး နှင့် လူငယ်များ၏အသံနားစွင့်သည့် ရပ်ဝန်းတည်ဆောက်ရေးတို့ကို တိုက်တွန်းပြောကြားခဲ့သည်။

 

NUG က စီစဉ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား သို့ ကချင်ပြည်နယ် ကျောင်းသား သမဂ္ဂများ ၊ မိတ်ဖက် အဖွဲ့အစည်းများမှ သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး မိတ်သဟာရ ကစားနည်းများ ကစားခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း တို့ပြုလုပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

 

စာတည်း။    ။မောင်ကောင်း

စာမူတည်းဖြတ်။   ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required