မန္တလေးမြို့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

မန္တလေးမြို့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

ဩဂုတ်လ ၁၃ ရက်

မန္တလေးမြို့တွင် ငွေစက္ကူ ကျပ်တစ်သောင်းတန်အတုများ ဖမ်းဆီးရမိလိုက်ပြန်ကြောင်း သတင်းရရှိ သည်။

မန္တလေး၊ အမရပူရမြို့နယ် တောင်သမန်အင်းပတ်လမ်းပေါ်တွင်၊ ဆိုင်ကယ်စီးလာသောအမျိုးသားနှစ်ဦးအား၊ စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့က တားဆီးစစ်ဆေးရာမှ၊ အမှုကွင်းဆက်လိုက်ပြီး၊ တစ်သောင်းတန်အတု စုစုပေါင်းအရွက်ရေ ခြောက်ရာကျော် ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်နေ ဇော်မင်းထွေးနှင့် လှိုင်ဖြိုးဟိန်းတို့သည်၊ သြဂုတ်လ ၁၁ ရက်နေ့က၊ ဆိုင်ကယ်တစ်စီး နှစ်ယောက်အတူစီးပြီး၊ တောင်သမန်အင်းပတ်လမ်းအတိုင်း မောင်းနှင်လာစဉ်၊ စစ်ကောင်စီ၏စစ်ဆေးရေးအဖွဲ့ က တားဆီးစစ်ဆေးရာ၊ တစ်သောင်းတန်အတု ၆၆ရွက်ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို စစ်ဆေးချက်အရ ငွေစက္ကူအတုဖြန့်ဝေခိုင်းသည့် ရန်ကုန်မြို့ကအောင်ကောင်းမြတ်နှင့် အမရပူရမြို့နယ်နေ သီဟအောင်တို့သည်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်ရှိနေသည်ဟု သိရတာကြောင့်၊ သွားရောက်စစ်ဆေးရာ၊ တစ်သောင်းတန်အတု ၁၆၅ရွက်ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ အောင်ကောင်းမြတ်၏ ထွက်ဆိုချက်အရ၊ အဆိုပါငွေစက္ကူအတုများသည် ပြင်ဦးလွင်မြို့နေ နေစိုးလတ်ထံမှ ရ ယူခဲ့ခြင်းဖြစ်သည်ဟုသိရတာကြောင့်၊ ၎င်းနေအိမ်သို့သွားရောက်စစ်ဆေးရာ၊ တစ်သောင်းတန်အတုအပြင် ငါးထောင်တန်အတုပါ စုစုပေါင်း ၁၅၇ ရွက် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းထံမှ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကိုပါဖ မ်းဆီးရမိခဲ့ကြောင်း၊ သီဟအောင်၏ထွက်ဆိုချက်အရ ကျွဲဆည်ကန် ယာယီကားကွင်းအတွင်းရှိ ကားဂိတ်တစ်ခုတွင်၊ မထုတ်ယူရသေးသော ပါဆယ်ထုပ်အတွင်းမှ တစ်သောင်းတန်အတု အရွက် ၄၀ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ၎င်းတို့ငါးဦးအား၊ အမရပူရမြို့နယ်ရဲစခန်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အရေးယူထားကြောင်း ၎င်းသတင်းရင်းမြစ်ကပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း၊ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု အရောင်းအ၀ယ်ပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်နှစ်ခု ဖြစ်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly