မောင်တောမြို့နယ်တွင် ပစ်ခတ်ခံရမှုကြောင့် ဒေသခံတစ်ဦးနှင့် ALP တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

မောင်တောမြို့နယ်တွင် ပစ်ခတ်ခံရမှုကြောင့် ဒေသခံတစ်ဦးနှင့် ALP တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ဩဂုတ်လ ၁၃ ရက်

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ဂြင်းချောင်း(မူဆခလင်ကျေးရွာဟောင်း)တွင် ယမန်နေ့ည ၁၂နာရီကျော်တွင် ဒေသခံတစ်ဦးနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။

ပစ်ခတ်ခံရပြီးသေဆုံးသွားသူနှစ်ဦးမှာ သရေကုန်ဘောင်ကျေးရွာသား အသက်(၂၀)ကျော် ကိုခိုင်မြတ် ကျော်နှင့် ALP တပ်ဖွဲ့ဝင်ဦးဌေးလင်း (၃၅)နှစ်တို့ဖြစ်သည်။

သရေကုန်ဘောင်ကျေးရွာအနီး (၁)မိုင်ခန့်အကွာ ဂြင်းချောင်း(မူဆလင်ကျေးရွာဟောင်း)တွင် မွေးမြူ ရေးခြံအတွင်းရှိ တဲတွင် ALP တပ်ဖွဲ့ဝင်လေးဦးနှင့် ဒေသခံတစ်ဦး အိပ်နေစဉ်အမည်မသိလက်နက်ကိုင် လူတစုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ကျန် ALP တပ်ဖွဲ့ဝင်၃ဦးမှာထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

သေဆုံးသွားသည့် ALP တပ်ဖွဲ့ဝင် ဦးဌေးလင်းမှာ မွေးမြူရေးခြံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သရေကုန်ဘောင်ကျေးရွာသား ကိုခိုင်မြတ်ကျော်မှာ ငါးရှာသွားရာမှ မွေးမြူရေးခြံတွင်ဝင်ရောက်တည်းခိုးနေ ခြင်းဖြစ်သည်ဟု သိရသည်။

“ ဂြင်းချောင်းကျေးရွာကမူဆလင်ကျေးရွာပါ အရေးအခင်းဖြစ်တဲ့အခါ အကုန်ထွက်ပြေးသွားလို့ လူမရှိ တော့ဘူး။ ကျနော်တို့သရေကုန်ဘောင်ကျေးရွာနဲ့ တမိုင်ခွဲလောက်ကွာဝေးတယ်။ ကျနော်တို့ရွာက က လေးတစ်ယောက် ဂဏန်းဗုံးသွားထောင်ရင်းညအိပ်နေတာ။ကျနော်တို့သိရတာက ALP တပ်ဖွဲ့ဝင် ၃ဦး ကတစ်တဲ၊ သေသွားတဲ့သူတွေက တစ်တဲ အိပ်နေကြတာ၊ ဒါကိုဝင်ပြီးပစ်တဲ့ခါ ALP တပ်ဖွဲ့ဝင် ၃ဦးက ထွက်ပြေးသွားကြတယ်လို့သိရတယ်။”ဟု သရေကုန်ဘောင်ကျေးရွာတာဝန်ခံကပြောသည်။

သေဆုံးသွားသူနှစ်ဦးမှာ ခန္ဓာကိုယ်အနှံ့ သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာအချက်ပေါင်း နှစ်ဆယ်ခန့် ပစ် သတ်ခဲ့သည်ဟုသိရသည်။လက်ရှိမှာ သေးဆုံးသွားသည့် ရုပ်အလောင်းနှစ်လောင်းကို မောင်တောဆေး ရုံးကိုယူဆောင်သွားကြသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly