မုံရွာမှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မုံရွာမှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမှ စစ်ကိုင်းဘက်သို့ ဦးတည်သွားနေသောစစ်ကောင်စီယာဥ် ၁၃ စီးအား သြဂုတ်လ၁၂ရက်နေ့မနက်၃နာရီအချိန်ခန့်တွင် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကျဉ်းကင်းကျေးရွာကြား၌ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်း၏ ရှစ်စီးမြောက်ယာဥ်အား အညာထန်းသီး ငါးလုံး (အညာဒေသက လက်လုပ်ပဒေသာမိုင်းကို အညာထန်းသီးဟု တင်စားကြ)ဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"၁၁ ရက်နေ့ ညထဲက သုံးစီးလောက်ဖြတ်နေတာ၊ရိက္ခာကားတွေနဲ့တူတယ်၊နောက်မှာပါလာတဲ့ကားတွေက လူအပြည့်ပါတဲ့ကားတွေ၊ ၁၂ ရက်နေ့မနက်ပိုင်းမှာ မိုင်းဆွဲလိုက်တော့ ကျွန်တော်တို့ဘက်ကို ၄၀ မမတွေနဲ့ပြန်ပစ်တယ်၊သူတို့လူတွေ ထိခိုက်မှုရှိနိုင်တယ်၊ သွေးပေနေတဲ့ပလပ်စတစ်အိတ်တော့တွေ့တယ်၊ အလောင်းတွေကိုတော့ ဆေးရုံကားနဲ့ လာတင်သွားတယ်ကြားတယ်"ဟု မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်တိုက်ဂါးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ ထိခိုက်မှုများရှိနိုင်ပြီး သေဆုံးမှုစာရင်းအား အတည်မပြုနိုင်သေးပဲ ယင်းလုပ်ဆောင်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Saw Bwar Gyi(MPDF)၊ ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့နှင့် 11 Brotherအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီယာဥ်တန်း

#စစ်ကိုင်းတိုင်း

#MPDF

#T.G.R

#မိုင်းဆွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required