ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်ကြားရှိ PDF စခန်း သိမ်းပိုက်ခံရ နေအိမ်များလည်း မီးရှို့ခံရ

ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်ကြားရှိ PDF စခန်း သိမ်းပိုက်ခံရ နေအိမ်များလည်း မီးရှို့ခံရ

ဩဂုတ် ၁၃

မဇ္ဈိမ။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်နှင့် မန္တလေးတိုင်း၊သာစည်မြို့နယ်အစပ်ရှိ ကျောက်ပချုပ်ရွာအနီးရှိ ဒေသခံကာကွယ်ရေးတပ်စခန်း တစ်ခုကို စစ်ကောင်စီတပ်မှ ဩဂုတ်လ ၁၀ ရက်နေ့က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ကပူးပေါင်းစစ်ကြောင်းထိုး သိမ်းပိုက်ခဲ့ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖက်က စခန်းကို စွန့်ခွာခဲ့ရသော်လည်း အထိအခိုက်မရှိ ရှောင်တိမ်းနိုင်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

''အောက်ကနေ တက်လာတာက တစ်ဖွဲ့၊ အပေါ်ကနေဆင်းလာတာက တစ်ဖွဲ.၊ နှစ်ဖွဲ့ပေါင်းပြီး ကြားညှပ် ဝင်စီးတယ်၊ မန္တလေးတိုင်းကနေ တက်လာတာကအောက်၊ ရွာငံကနေဆင်းလာတာက အပေါ်ပါ။ စခန်းကအလယ်မှာဆိုတော့ အဲ့လိုအပေါ်အောက်ကြားညှပ်ပြီး ဝင်စီးတာ''ဟု ဒေသခံကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

၎င်းစခန်းအတွင်းမှ လက်လုပ်သေနတ်အတို နှစ်လက်၊ တူမီးသေနတ် လေး လက်၊ ၅ ဒသမ ၅၆ ကျည် ရှစ်တောင့်၊ ပွိင့်-၂၂ ကျည် ၆၉ တောင့်၊ လက်လုပ်ကျည်အိမ်(သံဘောက်) တစ်ခု၊ Gas ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၅ လုံး၊ လက်လုပ်လက်ပစ်ဗုံး ခြောက်လုံး၊ WANHUA အမျိုးအစား အိုင်ကွန် သုံးလုံးတို့ကို သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ရွာငံမြို့နယ် နှင့် သာစည်မြို့နယ် နယ်နိမိတ်ခြင်းဆက်စပ်နေသည့် နေရာအနီးရှိ သာစည်မြို့နယ် ကျောက်ပချုပ်ကျေးရွာနှင့် မျက်ခါးအင်း ကျေးရွာတို့တွင် အရပ်သားပြည်သူနေအိမ် စုစုပေါင်း ကိုးလုံးခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့မီးရှို့ဖျက်ဆီးရခြင်းအကြောင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ၂၅ ရက်နေ့မှ စတင်ပြီး ကျောက်ပချုပ် ၊လယ်ခေါင်း ရွာဝန်းကျင် ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုဖြစ်ပွားချိန် ဆွဲမိုင်းများဖြင့်တိုက်ခိုက်ခံခဲ့ရသောကြောင့် ဖြစ်သည်။ ၎င်းထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့​ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ အထိနာပြီးနောက် ဇူလိုင်၂၉ရက်နေ့တွင် ကျောက်ပချုပ်ရွာနှင့် မျက်ခါးအင်ရွာရှိ နေအိမ် သုံးလုံး၊ သြဂုတ် ၁၀ရက်နေ့တွင် ခြောက်လုံး စုစုပေါင်းအရပ်သားပြည်သူနေအိမ် ကိုးလုံး ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကနေ လယ်ခေါင်းကျေးရွာကို အင်အား ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာတယ်၊ အဲ့မှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ခွေး ငါးကောင်သေတယ်၊ တစ်ယောက် ဒဏ်ရာရတယ်၊ ၂၇ ရက်မှာ တစ်ခါ နန်းခေါင်းကျေးရွာထဲကို ပျူစောထီးနဲ့ စစ်ကောင်စီတပ် အပေါ်၊ အောက် စစ်ကြောင်းထိုးပြီးဝင်လာတယ်၊ အဲ့မှာ ၁၀ ယောက်သေတယ်၊ ၂၉ ရက်နေ့ကစပြီး ပြည်သူနေအိမ်တွေကို မီးရှို့တော့တာပဲ၊ ရွာခံ မိန်းကလေး ငါးယောက်ကိုလည်း ခေါ်ပြီး ရိုက်နှက်စစ်ဆေးတယ်။''ဟု ရွာငံဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ရွာငံမြို့နယ်ထဲရှိ ပြည်သူနေအိမ်များကိုဖျက်ဆီးခြင်း၊ မတရားဖမ်းဆီးခြင်းများကို အကြမ်းဖက်လုပ်ဆောင်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရွာသူ၊ ရွာသားများ အနေဖြင့် စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#ရွာငံ

#သာစည်

#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required