နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင် ခွင့်ပြုချက်ယူရန် ညွှန်ကြား

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင် ခွင့်ပြုချက်ယူရန် ညွှန်ကြား

ဩဂုတ် ၁၃

မဇ္စျိမ။ ။နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန် ဩဂုတ်လ ၁၁ရက်နေ့က ပါတီများကို အသိပေးခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုက​ရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က”အခုလိုမျိုး UECကနေ ကန့်သတ်လိုက်တဲ့ ကိစ္စကတော့ ဒါ စစ်အစိုးရရဲ့အလိုကျ သူ့ဘာသာဆောင်ရွက်တာလို့ပဲ နားလည်တယ်။ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေနဲ့ ကိုက်ညီရဲ့လားဆိုတာကို လုံးဝပြန်လည်သုံးသပ်ဖို့ လိုပါသေးတယ်ဆိုတာကိုပဲ မှတ်ချက်ပေးချင်တယ်”ဟု မှတ်ချက်ပြုသည်။

နိုင်ငံခြားတိုင်းပြည်ဟုဆိုရာတွင် သံတမန်အသိုင်းအဝိုင်းနှင့် ပတ်သက်မှုတွင်ဖြစ်စေ၊ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များတွင်ဖြစ်စေ၊ ဒီမိုကရေစီအရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ဖြစ်စေ နိုင်ငံရေးပါတီတစ်ရပ်သည် နဂိုရှိရင်းစွဲ လုပ်ပိုင်ခွင့်အရ လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၄၀၇(ဂ)၊ ၄၀၈နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆(စ)ပါ ပြဋ္ဌာန်းချက်များအရ “နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်းမပြုရေး”ကို စောင့်ထိန်းလိုက်နာရန်တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ခွင့်ပြုချက်မရဘဲ တွေ့ဆုံခြင်းသည် အဆိုပါ ဉပဒေပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနိုင်ကြောင်းလည်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

ထို့အပြင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သော မဲစာရင်းကိစ္စများမှာ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်း(INGO)များနှင့် ၎င်းတို့က ထောက်ပံ့သည့် ပြည်တွင်းလူမှုအဖွဲ့အစည်း (CSO)များ၏ စွက်ဖက်ဆောင်ရွက်ချက်များနှင့် ဆက်စပ်၊ ပတ်သက်လျက်ရှိသည်ဟု အဆိုပါ ညွှန်ကြားစာတွင် စွပ်စွဲဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#နိုင်ငံရေးပါတီများ

#SNLD

#UEC

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly