ခရိုင်းမီးယားရှိ ရုရှလေတပ်စခန်းကို တိုက်ခိုက်ရာ၌ အမေရိကန်လက်နက် မသုံးခဲ့ဟု ပင်တဂွန် ပြော 

ခရိုင်းမီးယားရှိ ရုရှလေတပ်စခန်းကို တိုက်ခိုက်ရာ၌ အမေရိကန်လက်နက် မသုံးခဲ့ဟု ပင်တဂွန် ပြော 
Photo - AFP

ဩဂုတ် ၁၃

ခရိုင်းမီးယားရှိ ရုရှလေတပ်စခန်းကို တိုက်ခိုက်ရာတွင် အမေရိကန်၏ ယူကရိန်းအား ထောက်ပံ့ထားသော လက်နက်များ မသုံးခဲ့ကြောင်းနှင့် ယင်းနေရာတွင် ဖျက်အားပြင်းသည့် ပေါက်ကွဲမှုများ ဖြစ်ရသည့် အကြောင်းရင်းကို မသိရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောသည်။ 

ရုရှ သိမ်းပိုက်ထားသော ခရိုင်းမီးယားရှိ ဆာကီအခြေစိုက်စခန်းတွင် အင်္ဂါနေ့က ပေါက်ကွဲမှုများ ဖြစ်ခဲ့သည့် နောက်ကွယ်၌ ယူကရိန်းတပ်များ ပါဝင်နေမည်ဟု ယူဆထားသည်။ ယင်း လေတပ်စခန်း ပေါက်ကွဲမှုများကြောင့် လေယာဉ် ရှစ်စင်းခန့် ပျက်စီးခဲ့သကဲ့သို့ လက်နက်ခဲယမ်း သိုလှောင်ရုံများလည်း ပျက်စီးသည်။ 

ယူကရိန်းအား ရုရှ၏ စစ်ခင်းမှုတွင် အဓိက ဗျူဟာမှတ်ဖြစ်သည့် ယင်း လေတပ်စခန်းက ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တာဝန်ခံလာသည့် တရားဝင် အတည်ပြုချက် မရှိသေးဘဲ ပေါက်ကွဲမှုများ၏ အကြောင်းရင်းကို သောကြာနေ့အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ 

ရုရှကမူ ယင်းပေါက်ကွဲမှုများသည် မတော်တဆဖြစ်ရပ်ကြောင့်ဟု ဆိုထားသော်လည်း အကဲဖြတ်များကမူ ကောင်းကင်ဓာတ်ပုံများနှင့် မြေပြင်ဗီဒီယိုများအရ တိုက်ခိုက်မှု ဖြစ်သည်ဟု ပြောဆိုကြသည်။ 

အမေရိကန်နိုင်ငံသည် ယူကရိန်းထံ လက်နက်နှင့် ခဲယမ်းမီးကျောက်များ အမြောက်အမြား ပေးပို့ထောက်ပံ့လျက် ရှိသော်လည်း ယူကရိန်းထိန်းချုပ်ရာ ပိုင်နက်များမှ ရုရှသိမ်းပိုက်သော ဧရိယာအထိ တိုက်ခိုက်နိုင်သော လက်နက်များကို ထောက်ပံ့ခြင်း မရှိပေ။ 

“ခရိုင်းမီးယားအထိ‌ ရောက်အောင် တိုက်ခိုက်နိုင်တာမျိုးကို ကျွန်တော်တို့ ထောက်ပံ့ပေးထားတာတော့ မရှိဘူး”ဟု ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူက သတင်းထောက်များအား ပြောသည်။ 

တိုက်ခိုက်မှုသည် ATACMS ဟု သိထားသော အမေရိကန်၏ ပစ်မှတ်တိကျ ပဲ့ထိန်း တာလတ်နည်းဗျူဟာ ဒုံးကျည်များ မဖြစ်နိုင်ဟု ယင်း တာဝန်ရှိသူက တိတိကျကျ ပြောသည်။ အဆိုပါ ATACMS ဒုံးကျည်များတွင် ယူကရိန်းတွင် ရှိနေသည့် အမေရိကန် ထောက်ပံ့ထားသော HIMARS ဒုံးကျည်စနစ်ဖြင့် ပစ်ခတ်နိုင်သော ဒုံးကျည်များ ဖြစ်ကာ ထောက်ပံ့ပေးပို့ရန်အတွက် ယူကရိန်းက တောင်းဆိုထားခြင်းလည်း ဖြစ်သည်။ 

“ဒါဟာ ATACMS နဲ့ တိုက်ခိုက်မှု မဟုတ်ဘူး၊ ဘာကြောင့်ဆိုတော့ ယူကရိန်းကို ကျွန်တော်တို့ ဒီ ဒုံးကျည်တွေ မပေးထားဘူး”ဟု ယင်း ကာကွယ်ရေးတာဝန်ရှိသူက ပြောသည်။ 

ထိုပြင် အဆိုပါ လေတပ်စခန်း၌ ဖြစ်ပွားသော ပေါက်ကွဲမှုများသည် ဒုံးကျည် တိုက်ခိုက်မှု ဟုတ်မဟုတ်နှင့် အဖျက်အမှောင့်ကြောင့်လားဆိုသည်ကို ပင်တဂွန်အနေဖြင့် သတင်းမရကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောခဲ့သည် 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly