သီရိလင်္ကာသမ္မတဟောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ယာယီနေထိုင်မည်

သီရိလင်္ကာသမ္မတဟောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ယာယီနေထိုင်မည်

 

ဩဂုတ်လ ၁၂ ရက်

လွန်ခဲ့သည့် တစ်လခန့်အကြာက နိုင်ငံမှ ထွက်ပြေးခဲ့ရသော သီရိလင်္ကာသမ္မတဟောင်း ဂေါ့တာဘယာ ရာဂျာပက်ဆာသည် ဩဂုတ် ၁၁ ရက် ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိလာခဲ့သည်။ ရာဂျာပက်ဆာ နိုင်ငံကို ရောက်ရှိလာမှုက ယာယီနေထိုင်မှုသာ ဖြစ်မည်ဟု ထိုင်းအစိုးရက ပြောသည်။

မစ္စတာ ရာဂျာပက်ဆာသည် စင်္ကာပူနိုင်ငံ ဆယ်လီတာ လေဆိပ်မှ စင်းလုံးငှားလေယာဉ်တစ်စင်းဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ဩဂုတ် ၁၁ ရက် ည ၈ နာရီခန့်က ဆိုက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

၎င်းသည် စင်္ကာပူ၌ ဗီဇာသက်တမ်းကုန်သည့် နေ့မှာပင် ဘန်ကောက်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၌ ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးသော စီးပွားရေး အကျပ်အတည်းဖြစ်ပေါ်မှုကြောင့် ပြည်သူများ အချိန်ကာလကြာ ဆူပူမငြိမ်မသက်မှုများ ဖြစ်ခဲ့ချိန် မစ္စတာ ရာဂျာပက်ဆာသည် ဇူလိုင် ၁၄ ရက်က သီရိလင်္ကာမှ ထွက်ခွာပြီး စင်္ကာပူနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ၎င်းသည် စင်္ကာပူသို့ ရောက်ရှိပြီးမှ ၎င်း၏ ရာထူးနုတ်ထွက်စာကို တင်ခဲ့ရခြင်း ဖြစ်သည်။

မစ္စတာ ရာဂျာပက်ဆာသည် ယခုအခါ ထိုင်းနိုင်ငံတွင် ယာယီ နေထိုင်သွားမည်ဟု မျှော်လင့်ရပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ရည်ရွယ်ချက် မရှိဟု သိရသည်။

“ဒါဟာ လူသားချင်းစာနာမှု ကိစ္စတစ်ခုပါ။ ဒါက ယာယီ နေထိုင်မှုတစ်ခု ဆိုတဲ့ သဘောတူညီချက်တစ်ခုလည်း ရှိပါတယ်” ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဩဂုတ် ၁၀ ရက်တွင် သတင်းထောက်များကို ပြောသည်။

မစ္စတာ ရာဂျာပက်ဆာအနေဖြင့် ထိုင်းနိုင်ငံ၌ ရှိနေစဉ် မည်သည့် နိုင်ငံရေးလှုပ်ရှားမှုများတွင်မှ ပါဝင်နိုင်မည်ဟု မဟုတ်ကြောင်း ပရာယွတ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly