၇၅နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့

၇၅နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့

ဩဂုတ် ၁၂

မဇ္ဈိမ ။ ။ ၇၅နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ သြဂုတ် ၁၂ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

မွန်တော်လှန်ရေးနေ့သည် ခရစ်နှစ် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်တွင် မွန်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ခြင်း ၇၅ နှစ်ပြည့်မြောက်သည့် နေ့လည်းဖြစ်သည်။

NUG က အချက် ငါးချက်ပါ သဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ယင်း သဝဏ်လွှာတွင် ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီက မတရားအာဏာသိမ်းရန် ကြိုးပမ်းခြင်းသည် နိုင်ငံရေးတွင် စစ်တပ်မှ ထာဝရဝင်ရောက်စွက်ဖက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံက လိုလားသော ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဥပေက္ခာပြု ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပါသည်ဟု ရေးသားထားသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မွန်ပြည်သူများနှင့် တိုင်းရင်းသားလူမျိုးအားလုံးမှ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ကြောင်း တိုက်တွန်းထားသည်။

မွန်တိုင်းရင်းသားများ၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် မောင်သိန်း (ခ) ဗိုလ်သိန်း နှင့် မွန်မျိုးချစ်လူငယ် ၂၇ ဦးတို့က ဦးဆောင်ပြီး ဇာသပြင်ကျေးရွာ၌ သန္ဓေတည်၍ မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ နံနက် ၆:၃၀ နာရီတွင် မွန်လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ နံနက် ၆:၃၀ နာရီ ကို ဂုဏ်ပြု၍ မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - ပုံအဟောင်း

#mizzima

#မွန်တော်လှန်ရေးနေ့

#သဝဏ်လွှာ

#NUG

#ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly