မူဆယ်တွင် အမျိုးသား ၂ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မူဆယ်တွင် အမျိုးသား ၂ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဩဂုတ် ၁၂

မဇ္ဈိမ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က အမျိုးသား နှစ်ဦးအား ယနေ့မနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့မနက် ၄ နာရီခန့်က မူဆယ်မြို့မ သုသာန်အနီး၌ အမျိုးသားတစ်ဦး ခြံထဲ ပြေးလာချိန် သေနတ်ဖြင့် ပစ်သတ်ခံရပြီး၊ ၇ နာရီခန့်တွင်လည်း အမျိုးသားတစ်ဦး လက်နောက်ပြန်ကြိုးတုပ်ခံရကာ လမ်းမပေါ်တွင် သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးသွားသည်။

မြို့ခံအမျိုးသားတစ်ဦးက “ကျနော် သိရသလောက် တစ်ယောက်က မန့်ဝိန်းနားမှာ ကြိုးနဲ့တုပ်ထားပြီး ပစ်ခံရတယ်။ နောက်တစ်ယောက်က သူများခြံထဲ ပြေးလာတဲ့အချိန် ပစ်ခံရတယ်။ ဘာကြောင့် ပစ်ခံရတာလဲတော့ မသိရဘူး၊ ပစ်ခံရတဲ့နှစ်ယောက်က သူငယ်ချင်းတွေဖြစ်တယ်” ဟု ပြောသည်။

လက်နောက်ပြန် ကြိုးတုပ်၍ မန့်ဝိန်းတွင် ပစ်ခံရသူသည် အသက်(၃၂)နှစ်ဖြစ်ပြီး နားထင်၊ ရင်ဘတ်၊ ညှပ်ရိုးတွင် ပစ်ခံရကာ သေဆုံးခဲ့ပြီး၊ နောက်အမျိုးသားတစ်ဦးသည် အသက်(၄၀)နှစ်ဖြစ်ပြီး ခြံထဲ ပြေးလာချိန် ဦးခေါင်း၊ နားထင်၊ လက်မောင်း၊ ရင်ဘတ်တို့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အလောင်းအား လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်ကာ မူဆယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး ပစ်ခတ်မှု၊ ပေါက်ကွဲမှုနှင့် ဓားပြတိုက်လုယက်မှု၊ ဖောက်ထွင်းမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မူဆယ်မြို့

#ပစ်ခတ်မှု

#တရုတ်နယ်စပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly