ကိုဗစ်ကြောင့် သေဆုံးသူရှိလာပြီး ဆေးဝါးများဈေးတက်ခြင်း ပြတ်လပ်ခြင်းနှင့် ကြုံရမည်ကို စိုးရိမ်နေကြ

ကိုဗစ်ကြောင့် သေဆုံးသူရှိလာပြီး ဆေးဝါးများဈေးတက်ခြင်း ပြတ်လပ်ခြင်းနှင့် ကြုံရမည်ကို စိုးရိမ်နေကြ

ဩဂုတ် ၁၂

​ မဇ္ဈိမ ။ ။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ မရှိခဲ့သည်မှာ ရက်ပေါင်း ၁၂၆ရက်ကျော် ရှိခဲ့ပြီးဖြစ်ကာ ယခုအခါ ပထမဆုံးအကြိမ် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ တစ်ဦး ရှိလာခြင်းဖြစ်သည်။

ကိုဗစ်ရောဂါဖြင့် သေဆုံးသူ တစ်ဦးပြန်ရှိလာကြောင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး၀န်ကြီးဌာနက သြဂုတ် ၁၁ ရက် ညပိုင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်သည် ကိုဗစ်ရောဂါဖြင့် သေဆုံးမှုမရှိခဲ့သည့် ရက်ပေါင်း ၁၂၆ ရက်ကြာမြင့်ပြီးသည့်နောက်တွင် ယခုကဲ့သို့ ပထမဆုံးသေဆုံးသူရှိလာပြီး ၎င်းသေဆုံးသူ​၏ ဖြစ်စဉ်နှင့် အချက်အလက်များအား ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသေးချေ။

စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာန​၏ ဖော်ပြချက်အရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ပိုးရှိမရှိ လူ ခြောက်ထောင်ကျော်အား စစ်ဆေးခဲ့သည့်အနက် ပိုးတွေ့ရှိသူ ၂၁ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၀.၃၅ ရာခိုင်နှုန်းရှိခဲ့ပြီး သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။

" အချက်အလက်အရ ထိမ်ချန်မှုတွေ၊ ပြင်ပကလက်လှမ်းမမီတာတွေ ရှိနိုင်တယ်၊ ကိုဗစ်နဲ့အတူ ရာသီတုပ်ကွေးရောဂါကလည်း စိုးရိမ်ရတဲ့အတွက် အတတ်နိုင်ဆုံး ဂရုစိုက်ကြစေချင်တယ်။ တစ်ဖက်မှာလည်း အခုလက်ရှိ ဆေးဝါးတွေကလည်းပြတ်လပ်ပြီး ဈေးအနည်းငယ်တက်နေတဲ့အတွက် ကိုဗစ်ကြောင့် သေဆုံးသူရှိလာပြီးတဲ့နောက် ပိုပြီးဈေးမတက်ပါစေနဲ့လိုဘဲဆုတောင်းရမယ်" ဟု မဇ္ဈိမ ​၏ သတင်းရင်းမြစ်တစ်ဦးဖြစ်သည့် လက်ထောက်ဆရာဝန်တစ်ဦးက ဖြေကြားသည်။

မျိုးရိုးဗီဇပြောင်း COVID - 19 ရောဂါပိုး အိုမီခရွန်နှင့် ၎င်း​၏ မျိုးစိတ်အသစ်များအားသတိထားဖို့ လိုအပ်ပြီး ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံဖို့လည်း စစ်ကောင်စီလက်အောက် ကျန်းမာရေး၀န်ကြီးဌာနက တိုက်တွန်းထားသည်။

ယခုအခါ ကိုဗစ်ရောဂါကြောင့် သေဆုံးသူရှိလာခဲ့ပြီးနောက် ကိုဗစ်ရောဂါဖြစ်ပွားမှုပြင်းထန်ခဲ့သည့် ယခင်အချိန်များကဲ့သို့ ဆေးဝါးများ ဈေးတက်ခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းနှင့် လိုအပ်သည့်အရေအတွက်အလိုက် ဝယ်မရခြင်း ဖြစ်ပေါ်လာမည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း မဇ္ဈိမ​၏ သတင်းရင်းမြစ်များက ပြောဆိုသည်။

" ကိုဗစ်ကြောင့် သေဆုံးသူလည်းပြန်ရှိလာပြီဆိုတော့ အတတ်နိုင်ဆုံး ဆေးဝါးတွေကို စျေးမတက်ဘဲ တကယ်လိုအပ်တဲ့သူတွေရရှိနိုင်အောင်ရောင်းပေးရင် ကောင်းမယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် ဆေးဝါးပစ္စည်းများအား ဝယ်ယူတင်သွင်းရန်အတွက် ငွေပေးချေမှုကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်မည်ဆိုပါက သွင်းကုန်လိုင်စင် ထုတ်ယူနိုင်မည်ဟု စစ်ကောင်စီလက်အောက် ကုန်သွယ်ရေးဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနက ဇူလိုင်လ ၂၂ရက်တွင် အသိပေးကြေညာထားသည်။

ထိုကဲ့သို့ ကြေညာချိန်တွင် စစ်ကောင်မှသတ်မှတ်ထားသည့် ဒေါ်လာရည်ညွှန်းဈေးမှာ ၁,၈၅၀ ကျပ်သာရှိသော်လည်း ယခုအခါ ၂,၁၀၀ ကျပ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#COVID-19

#မြန်မာနိုင်ငံ

#သေဆုံးသူ

#ကျန်းမာရေး၀န်ကြီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly