ထားဝယ်၌ စက်သုံးဆီများ စျေးနှုန်းမြင့်တက်နေ၍ အရေးပေါ် ပရဟိတအဖွဲ့ ယာဉ်များ ယာယီရပ်နား

By ကိုရွှေမြိတ်
11 August 2022
ထားဝယ်၌ စက်သုံးဆီများ စျေးနှုန်းမြင့်တက်နေ၍ အရေးပေါ် ပရဟိတအဖွဲ့ ယာဉ်များ ယာယီရပ်နား

ဩဂုတ် ၁၁

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် စက်သုံးဆီများ စျေးနှုန်း မြင့်တက်မှုကြောင့် အရေးပေါ် လူနာတင်ယာဉ် ပရဟိတ အဖွဲ့များ အခက်အခဲ ဖြစ်နေရာမှ ယာယီ ရပ်နားမှုများ ရှိလာကြောင်း ပရဟိတ အဖွဲ့ဝင်များထံမှ သိရသည်။

ထားဝယ်မြို့တွင် ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်၍ ရက်အကန့်သတ် မရှိ အရေးပေါ် လူမှုကယ်ဆယ်ရေး ဇမ္ဗူသီရိ ပရဟိတ အဖွဲ့ အသင်း တစ်သင်း သည် ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း မိဘပြည်သူများ၏ အလှူရန်ပုံငွေများ အမြန်ဆုံး လိုအပ်နေကြောင်း ၎င်းအဖွဲ့က တာဝန်ရှိသူထံမှ သိရသည်။

အရေးပေါ် လူမှု ကယ်ဆယ်ရေး ဇမ္ဗူသီရိ ပရဟိတအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက "အဓိက ရပ်နားလိုက်ခြင်းက စက်သုံးဆီ အဆမတန် စျေးမြင့်လာလို့ ဖြစ်တယ်၊ ကျနော်တို့မှာ ရှိသလောက် ငွေအားနဲ့ ရုန်းကန် နေရသော်လည်း အဖွဲ့ရန်ပုံငွေ အလုံလောက်မရှိတာကြောင့် ယာယီရပ်နားတာပါ၊ အရင်လို ၂၄ နာရီ ပြန်လည်ပတ်နိုင်ဖို့အတွက် အမြန်ဆုံး ကြိုးစားဆောက်ရွက်နေတယ်"ဟု ပြောသည်။

အခုလို ထားဝယ် တစ်မြို့လုံး အနေအထားအရ အားကိုးနေရသည့် အသင်းတစ်သင်းအနေဖြင့် ယာယီရပ်နားလိုက်ခြင်းသည် အများပြည်သူ့ ဝန်ဆောင်မှုအပိုင်းတွင် အခက်အခဲအများကြီး ဖြစ်ပွားနိုင်ကြောင်း ထားဝယ်မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

သို့သော် အရေးပေါ် လူမှုကယ်ဆယ်ရေး ဇမ္ဗူသီရိ ပရဟိတအဖွဲ့အနေဖြင့် ယာယီ ရပ်နားထားသော်လည်း သဘာဝ ဘေးအန္တာရာယ်များ ကျရောက် လာခဲ့ပါက အဖွဲ့သားများမှ နိုင်သည့်ဖက်က အားဖြည့်ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် စက်သုံးဆီ စျေးနှုန်းများ မြင့်တက်မှုကြောင့် စက်သုံးဆီ တစ်လီတာကို ကျပ် ၂,၆၀၀ ကနေ ၃,၀၀၀ အထိ ပေးဝယ်ယူနေရကြောင်း သက်ဆိုင်ရာ မြို့နယ် အလိုက် ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ထားဝယ်

#မြိတ်မြို့နယ်

#စက်သုံးဆီ

#ပရဟိတ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required