စက်သုံးဆီစျေးပြန်တက်ပြီးနောက် မန္တလေးမြို့တွင် ဓာတ်ဆီပြတ်လပ်နေ

စက်သုံးဆီစျေးပြန်တက်ပြီးနောက် မန္တလေးမြို့တွင် ဓာတ်ဆီပြတ်လပ်နေ

ဩဂုတ် ၁၁

မန္တလေး(မဇ္စျိမ)။ ။စက်သုံးဆီစျေးနှုန်း ပြန်လည်ထိုးတက်သွားပြီးနောက် မန္တလေးမြို့က စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီပြတ်လပ်သွားပြီဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

“ဒီဇယ်နည်းနည်းပါးပါရမယ်၊ ဓာတ်ဆီကတော့ 92 ရော 95 ရောရောင်းစရာကိုမရှိတာ၊ မနေ့ကတော့ မနက်ပိုင်းရောင်းပေးခဲ့သေးတယ်” ဟု စက်သုံးဆီ လက်ကားအရောင်း ဆိုင်ကြီးတစ်ခုမှ မန်နေဂျာက ပြောသည်။

ယနေ့သြဂုတ် ၁၁ ရက်နံနက်ပိုင်းကစ၍၊ မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်မှန်သမျှ အရောင်းရပ်ထားကြောင်းသတင်းအရ မဇ္စျိမကလှည့်လည်စုံစမ်းခဲ့ရာ အထူးသဖြင့် ဓာတ်ဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်အ၀င်၀မှာ ၀န်ထမ်းတွေ ထွက်စောင့်နေတယ်၊ ၀င်လာသမျှကားဆိုင်ကယ်တွေကို ဓာတ်ဆီမရှိဘူးဘဲ ပြောလွှတ်တယ်၊ ဘယ်ဆိုင်ကမှ ရောင်းမပေးတော့ဘူး၊ ဒီဇယ်တော့ ရတဲ့ဆိုင် ရသေးတယ်ဗျ” ဟု မန္တလေးမြို့ခံ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်မြင့်တက်လာသော ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ပြီးခဲ့သည့်သင်္ကြန် ကာလအလွန်နောက်ပိုင်းတွင် တစ်လီတာစျေးနှုန်း နှစ်ထောင်ကျော်အထိ မြင့်တက်ခဲ့သည်။

ထို့နောက် ယခုသြဂုတ်လ ပထမအတွင်း နှစ်ထောင်အောက် တစ်ရက်နှစ်ရက်ခန့်ကျရိပ်ပြခဲ့ပြီး၊ ယနေ့တွင် စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက 92 တစ်လီတာလျှင် ၂,၁၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၂,၂၆၀ ကျပ်ဖြင့်ရောင်းချရန် တိုးမြှင့်သတ်မှတ်လိုက်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မန္တလေးမြို့

#စက်သုံးဆီစျေး

#ပြတ်လပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly