ဝရာဇွပ်ပြည်သူ့စစ်စခန်းကို KIAက သွားရောက်တိုက်ခိုက်

ဝရာဇွပ်ပြည်သူ့စစ်စခန်းကို KIAက သွားရောက်တိုက်ခိုက်

ဩဂုတ် ၁၁

မဇ္ဈိမ။ ။ တနိုင်း လီဒိုလမ်းမပေါ် အထိုင်ချတပ်စွဲထားသည့် ရှဒူးဇွပ်ကျေးရွာအနီးရှိ ဝရာဇွပ်ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် မတော် (KIA) မှ ယနေ့ နံ နက်ပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မင်းဇေသန့်ဦးဆောင်သည့် ဝရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကို ကေအိုင်အေ တပ်ရင်း (၁၄)ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စခန်းသိမ်းနိုင်တယ်ဆိုတာတော့ မကြားဘူး၊ ဒါပေမယ့် KIA က လာတိုက်တာတော့ ဟုတ်တယ်၊ မနက် ၃ နာရီကနေ ၅ နာရီလောက်အထိက ပစ်နေကြတဲ့အသံတော့ ကြားရတယ်၊ အခုချိန်အထိတော့ သူတို့ နှစ်ဖက်စလုံးရဲ့ ထိခိုက်မှုကို အသေးစိတ် မသိရသေးဘူး၊ မကြာရသေးဘူး။” ဟု စံပြ ပြည်သူ့စစ်စခန်းအနီးရှိသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIA တပ်ရင်း (၁၄) မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စခန်းသိမ်းဆည်းနိုင်ခြင်း မရှိသော်လည်း စခန်းအတွင်း အဆောက်အအုံ အများစု ထိခိုက်ပျက်စီးသွားနိုင်ခြေရှိသည်ဟု ဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားနေချိန်မှာ ရှဒူးဇွပ်ကျေးရွာအခြေစိုက် ခလရ (၂၉၇) စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများနှင့် အကြိမ် ၂၀ ထက်မနည်း ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

KIA တပ်ရင်း (၁၄) တပ်ဖွဲ့ဝင်များက ဝရာဇွပ်ပြည်သူ့ စစ်တပ်ဖွဲ့အပြင် လက်နက်ကြီးပစ်ကူပေးခဲ့သော ခလရ (၂၉၇) စစ်ကောင်စီတပ်စခန်းကိုပါတိုက်ခိုက်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ သတင်းပြန်ကြားရေး တယ်လီဂရမ်က အခုလို တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုမရှိသော် လည်း၊ လာရောက်တိုက်ခိုက်ခဲ့သည့် ကေအိုင်အေတပ်ဖွဲ့ဝင်အချို့တော့ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သတင်းဖော်ပြထားပါသည်။

ယနေ့တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုအခြေအနေများကို မဇ္ဓျိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပြည်သူ့စစ်စခန်း

#KIA

#ဝရာဇွပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly