ဗီဇာလျှောက်ထားမှုများ မကြုံစဖူးများပြားလာကြောင်း ပြင်သစ်သံရုံး ထုတ်ပြန်

ဗီဇာလျှောက်ထားမှုများ မကြုံစဖူးများပြားလာကြောင်း ပြင်သစ်သံရုံး ထုတ်ပြန်

ဩဂုတ် ၁၁

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းတွင်တည်ရှိသော ပြင်သစ်သံရုံး၏ကောင်စစ် ဌာနတွင် ဗီဇာလျှောက်ထားမှုများ မကြုံစဖူးများပြားလာခြင်းကို ကြုံတွေ့နေရသည်ဟု သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံတွင် နေထိုင်ခွင့်ဗီဇာ လျှောက်ထားလိုပါက ယခင်က ကာလတိုနေထိုင်ခွင့်အတွက် ၅ ရက်မှ ရက် ၂၀ ခန့် ကြာမြင့်နိုင်ပြီး ကာလရှည်နေထိုင်ခွင့်အတွက် ၁၅ ရက်မှ ရက် ၂၀ အထိကြာမြင့်နိုင်သည်။ သို့သော်လည်း ယခုအခါတွင် ဗီဇာလျှောက်ထားသူများ အလွန်များပြားသည့်အတွက် ဗီဇာလျှောက်ထား ရာ၌ ရက်ချိန်းဆိုမှုနှင့် ဗီဇာထုတ်ပေးနိုင်မှုတွင် ယခင်သတ်မှတ်ရက်များထက် အချိန်ပိုမို လိုအပ်လျက်ရှိ သည်ဟု ဆိုထားသည်။

ထို့ကြောင့် ပြင်သစ်နိုင်ငံတွင်နေထိုင်မည့် အချိန်ကာလကို ကြိုတင်တွက်ချက်ကာ ဗီဇာလျှောက်ထားမှုကို အမြန်ဆုံးပြုလုပ်ဆောင်ရွက်ကြရန် ပြင်သစ်သံရုံးက တိုက်တွန်းထားသည်။ အချို့သော ဗီဇာလျှောက် ထားသူများသည် ရက်ချိန်းဆိုမှုများကိုပယ်ဖျက်ခြင်း၊ ရက်ချိန်းရွှေ့ဆိုင်းခြင်းတို့ကို ပြုလုပ်ခြင်းများရှိ သဖြင့် ရက်ချိန်းပြက္ခဒိန်ဇယားတွင် ရက်ချိန်းအသစ်တောင်းဆိုရန် ဖြစ်နိုင်/မဖြစ်နိုင်ကို သိရှိနိုင်ရန် အတွက်လည်း ရက်ချိန်းပြက္ခဒိန်ဇယားကို ပုံမှန်ကြည့်ရှုစစ်ဆေးပေးရန်လိုအပ်ကြောင်း ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ပြင်သစ်သံရုံးတွင် ဗီဇာလျှောက်ထားသူများစွာ လာရောက်လျှောက် ထားမှုကို မကြုံစဖူးတွေ့မြင်ခဲ့ရပြီး ထိုအချိန်မှစတင်၍ လျှောက်ထားမှု အဆက်မပြတ် မြင့်တက်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါအခြေအနေသည် ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ကန့်သတ်ချက်များကို ဖြေလျော့ မှုအပြီး နိုင်ငံတကာခရီးသွားလာရေး အဆောက်အအုံများပြန်လည် စတင်ခြင်း၊ ဥရောပနွေရာသီကာလ တို့နှင့် ဆက်စပ်နေခြင်းကြောင့်ဖြစ်သည်ဟု ယခင်ထုတ်ပြန်သည့် ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီအာဏာသိမ်းထားသည့် လက်ရှိကာလတွင် မြန်မာနိုင်ငံမှနေ၍ ဥရောပနိုင်ငံများသို့ ဗီဇာ လျှောက်ထားရာတွင် နယ်သာလန်၊ ပိုလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့တွင် အများဆုံးဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ စောဖေ

#မြန်မာနိုင်ငံ

#ဗီဇာ

#လျှောက်ထားမှု

#မြင့်တက်

#ပြင်သစ်သံရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly