ပလောက်မြို့အခြေစိုက် ခလရ(၂၈၀) မှတပ်သား စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေး

By လွှမ်းမိုး
11 August 2022
ပလောက်မြို့အခြေစိုက် ခလရ(၂၈၀) မှတပ်သား စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေး

 

လွှမ်းမိုး

ကနီ(မဇ္ဈိမ)။ ။ တနသ်ာရီတိုင်း ပုလောမြို့နယ် ပလောက်မြို့အခြေစိုက် ခလရ(၂၈၀) မှ ကိုယ်ပိုင်နံပါတ် (တ-၄၂၄၉၂၂) တပ်သားဇာနည်အောင်သည် သြဂုတ်လ ၈ ရက်နေ့တွင် ပုလဲမြို့နယ်စစ်ကြောင်းမှ စွန့်ခွာ ထွက်ပြေးလာ၍ Triple Two အဖွဲ့နှင့်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်သို့ခိုလှုံလာကြောင်း သိရသည်။

“ကျနော်ထွက်ပြေးလာတဲ့ အကြောင်းအရင်းကတော့ ပြည်သူ့အပေါ် မတရားအကြမ်းဖက်နှိပ်စက်နေတဲ့ လုပ်ရပ်တွေကို ဘယ်လိုမှဆက်ပြီးသည်းမခံနိုင်တော့တာတွေ၊ ပြီးတော့ စစ်ကြောင်းမှူးဗိုလ်တွေရဲ့ စိတ် ဓာတ်အောက်တန်းကျမူတွေက ရွံစရာအင်မတန်ကောင်းတယ်ဗျာ။ အခု ပုလဲမြို့နယ်ထဲက ပျူရွာတစ်ခု က မိန်းကလေးတစ်ယောက်ကို စစ်ကြောင်းမှူးက မတရားလုပ်ပြီး ကောင်မလေးက ကိုယ်ဝန်ရှိလာတော့ ကျနော်ကို ထိုးကျွေးတယ်ဗျာ။ မယူနိုင်ဘူးငြင်းတော့ ခြိမ်းခြောက်အကြပ်ကိုင်တယ်။ အဲဒါနဲ့ ကျနော့် သူငယ်ချင်းနဲ့အတူ ထွက်ပြေးလာတာ။ သူငယ်ချင်းကတော့သေနတ်ပါတယ် ထွက်လာရင်းကွဲသွားတယ်” ဟု ပြည်သူ့ရင်ခွင်သို့ခိုလှုံလာသည့် တပ်သားဇာနည်အောင်က ဆိုသည်။

Triple Two တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ကိုစွန့်ခွာလာသည့်တပ်သားများကို အမြဲကြိုဆိုနေမည် ဖြစ်ကြောင်း ရဲဘော်ကိုနေကြီးက ပြောကြားသည်။

“ ထွက်လာတဲ့သူတွေကို ကျနော်တို့ရဲ့အခြေစိုက်စခန်းကို တန်းပြီးမပို့ပါဘူး။ ကျနော်တို့အနေနဲ့ ယုံကြည်ရ လောက်တဲ့ အနေအထားထိရောက်အောင် စောင့်ပြီးမှသာလျှင် လက်တွဲခေါ်သွားမှာဖြစ်တယ်။ လက်ရှိမှာ တော့ သူ့ကိုသီးသန့်ထားတယ်။ လိုလေသေးမရှိအောင် ကျွေးမွေးထားတယ်။ ကျနော်တို့အနေနဲ့ကတော့ ကျည်တစ်တောင့်မှသက်သာသက်သာ ထွက်လာတဲ့စစ်သားတွေကို ကြိုဆိုနေမှာပါ ” ဟု Triple Two တပ်ဖွဲ့ မှ ကိုနေကြီးကဆိုသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#ပြည်သူ့ရင်ခွင်သို့ခိုလှုံ

#ခလရ(၂၈၀)

#TripleTwoတပ်ဖွဲ့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly